စစ်ပြေးဒုက္ခသည်များရွေးကောက်ပွဲဆိုင်ရာသတင်း

ရွေးကောက်ပွဲအတွက် စစ်ဘေးရှောင်စခန်း‌တွေမှာ လူဦးရေစာရင်း စတင်ကောက်ခံနေ

အာဏာသိမ်းစစ်ကောင်စီတပ်ကနေ ဦးဆောင်ပြီး လာမယ့် ဩဂုတ်လမှာကျင်းပမယ့် အထွေအထွေရွေးကောက်ပွဲအတွက် မြစ်ကြီးနားမြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ လူဦးရေစာရင်း စတင် ကောက်ခံနေပြီလို့ သိရပါတယ်။

 အဲ့ဒီလူဦးရေစာရင်းကိုတော့ ဇန်နဝါရီလ ၉ ရက်ကနေ ၃၀ ရက်အတွင်းကောက်ယူပေးဖို့ စစ်ကောင်စီတပ်က စစ်ဘေးရှောင်တာဝန်ခံတွေကို ညွှန်ကြားထားတာလို့ မြစ်ကြီးနား မြို့ပေါ်က စခန်းနာမည် မဖော်လိုတဲ့ စစ်ရှောင်တစ်ဦးက အခုလို ပြောပါတယ်။

စခန်း ဦးဆောင်ကော်မတီတွေကို ခေါ်ယူပြီးတော့ ကောက်ခိုင်းတဲ့အခြေအနေပါ။ တချို့စခန်းတွေက ကောက်နေပြီ၊ တချို့ကောက်ပြီးပြီ။ စခန်းတာဝန်ခံတွေကတော့ ဗမာစကားလိုဆိုရင် နီးရာဓါး ကြောက်ရတာပေါ့။ အစိုးရဘက်ကလည်း စတင်လုပ်ဆောင်နေပြီဆိုတော့ လူဦးရေ မကောက်ပေးဘူးဆိုရင်လည်း သူတို့ကို တစ်ခုလုပ်လာမလားဆိုပြီး စဉ်းစားကြတယ်ထင်တယ်။ ပြီးတော့ ရပ်ကွက်တွေမှာဆိုရင်လည်း အုပ်ချုပ်ရေးမှူးတွေက စာရင်း စကောက်နေပါပြီဟုပြောသည်။

ပြီးခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲမှာတော့ အသက် ၁၈ ထက်ပြည့်မှီသူ‌တွေအထက်သာ မဲပေးပိုင်ခွင့်ရှိတာကြောင့် အသက် ၁၈ နှစ်အထက်တွေကိုသာ လူဦးရေစာရင်းကောက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အိမ်ထောင်စုစာရင်းထဲက ရှိသမျှ လူဦးရေစာရင်းအားလုံးကို ကောက်ယူနေတာလို့ မြစ်ကြီးနား စစ်ရှောင်စခန်းတစ်ခုက နောက်ထပ် ပြည်သူတစ်ဦးက ဆိုပါတယ်။

အရင်နှစ်ရွေးကောက်ပွဲမှာတော့ ၁၈ နှစ်အထက်ရှိတဲ့စာရင်းဘဲ ယူတယ် ဒီနှစ်တော့ ဥပမာ မိသားစု ၆ ယောက်ရှိရင် ၆ ယောက်စလုံးရဲ့ စာရင်းကောက်ယူသွားတယ်။ ကျနော်တို့အနေနဲ့ မထည့်ချင်ပေမယ့်လို့ သူတို့လက်အောက်မှာရှိနေတော့ မထည့်ချင်လည်းရှိသမျှလူစာရင်းအားလုံးပေးလိုက်ရတယ်။ ရွေးကောက်ပွဲကာလမှာတော့ ဒီအတိုင်းထားပြီး၊ ရွေးကောက်ပွဲပြီးသွားရင် စစ်ရှောင်တွေကို ဒီအတိုင်း မောင်းထုတ်လိုက်မယ်ဆိုပြီး သတင်းတွေလည်း ကြားနေရတယ်ဟုပြောသည်။

လက်ရှိမှာ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြစ်ကြီးနား ၊ဝိုင်းမော်မြို့ပေါ်က စစ်ရှောင်စခန်းတွေမှာလူဦးရေစာရင်း ကောက်ခံနေပြီဖြစ်ပေမယ့် ဆဒုံးမြို့နယ် စစ်ရှောင်စခန်းနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ ကချင်စစ်ရှောင် စခန်းတွေမှာတော့ လူဦးရေစာရင်း ကောက်ယူသေးတာ မရှိသေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လာမယ့်၂၀၂၃ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ခံရာတွင် eID ကွန်ပျူတာစနစ်နဲ့ ကောက်ခံနေတဲ့အပြင် စစ်တပ်ပိုင် ရုပ်သံလိုင်းများ၊ မြန်မာ့အလင်းသတင်းစာတွေမှာတော့ ရွေးကောက်ပွဲဆိုင်ရာ မဲပေးစနစ်အပါအဝင် ထုတ်လွှင့်နေပါတယ်။

ဒါပေမယ့် တော်လှန်ရေးတက်ကြွလှုပ်ရှားသူတွေနဲ့ NUG အစိုးရကတော့စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်တဲ့ ပြည်သူတစ်ရပ်လုံးဆန့်ကျင်တိုက်ဖျက်ကြဖို့ ဆန္ဒထုတ်ဖော် တိုက်တွန်းတာတွေရှိနေပါတယ်။

Show More

Related Articles

Back to top button