ရွေးကောက်ပွဲဆိုင်ရာသတင်း

မြင်းမူတွင် ‌ရွေးကောက်ပွဲအတွက် မဲစာရင်းများပြုလုပ်နေစဥ် စီးနင်းမီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်ရှိ လ..က ရုံးတွင် ယမန်နေ့ ညပိုင်း ၇ နာရီခန့် ရွေးကောက်ပွဲအတွက် မဲစာရင်းများပြုလုပ်နေစဥ် ဒေသကာကွယ်ရေးတပ်ဖွဲ့များစုပေါင်းကာ ဝင်ရောက်စီးနင်းခဲ့ပြီး ရွေးကောက်ပွဲနှင့် ပတ်သက်သည့် စာရင်းများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်မှ မကြာခင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲစာရင်းများကို လ..က ရုံးအတွင်း စာရင်းပြုစုနေသည်ကို သတင်းရရှိသဖြင့် ဒေသကာကွယ်‌ရေးတပ်များစုပေါင်းကာ ယခုလို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အာဏာရှင်စနစ် တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကျနော်တို့ကြားတာက သူတို့ဘက်က မဲစာရင်းတွေကိုလိုက်မကောက်တော့ပဲ အရင်ရှိတာနဲ့တိုက်ပြီး လ..က ရုံးထဲမှာလုပ်နေတယ်လို့သတင်းရတယ်။ အဲ့တာနဲ့ မနေ့ညက ဝင်စီးပြီး ဝန်ထမ်းတွေကို ခနထိန်းထားပြီးတော့မဲစာရင်းစာရွက်စာတမ်းမှန်သမျှကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ကျနော်တို့ရည်ရွယ်တာက သူတို့လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ”ဟုအာဏာရှင်စနစ် တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ လ..က ရုံးသည် မြင်းမူမြို့ပေါ်တွင် တည်ရှိပြီး မြင်းမူမီးသတ်ရုံးနှင့် ကပ်လျှက်၊ ရဲစခန်းနှင့် ပေ ၁၀၀၀ခန့် အကွာတွင် တည်ရှိတာကြောင့် စစ်ဆင်‌ရေးကို ခက်ခဲစွာဆောင်ရွက်ခဲ့ရကြောင်း သူကဆက်ပြော သည်။

ရုံးတွင်းစာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များသည် မြင်းမူမြို့ပေါ်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် တစ်ဖက်မှာလည်း စစ်ကောင်စီဘက်က နိုင်ငံတစ်ဝှမ်းရွေးကောက်ပွဲကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်မူများ ပြုလုပ်နေပြီဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲသည် နေရာစုံမှာကျင်းပနိုင်ခြေနည်းပါးသည်ဟုရွေးကောက်ပွဲ စောင့်ကြည်လေ့လာသူတွေ သုံးသပ် ပြောဆိုသည်။

အဆိုပါစစ်ဆင်ရေးကို People Army To Fight Dictatorship (PAFD) တပ်ခွဲ DK PDF (MMU) Peoples Knight Defense Force Myinmu  (PKDF.MMU) TAUNGTHA People Defense Force(TTAPDF) D.B.B.F. MMU မဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Related Articles

Back to top button