တိုက်ပွဲသတင်း

မိုးတားလေးတိုက်ပွဲတွင် စစ်ကောင်စီ ဗျူဟာမှူးတစ်ဦးကျဆုံးသဖြင့် ဂျက်ဖိုက်တာ ၂ စီးဖြင့် ထပ်မံပစ်ခတ်နေ

စစ်ကိုင်းကချင်အစပ် မိုးတားလေးတိုက်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ABSDF KPDF ပူးပေါင်းတပ်တို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်ကာ ၃ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗျူဟာမှူးတစ်ဦးကျဆုံးပြီး လက်ရှိချိန်တွင်လည်း ဂျက်လေယာဉ်ဖြင့် ထပ်မံပစ်ခတ်နေကြောင်း KPDF ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့မှစကာ ကသာ၊ ချောင်းဝကျေးရွာမှ မိုးတားလေးကျေးရွာဘက်သို့ စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စ်ီတပ် တပ်မ ၇၇ စစ်ကြောင်းအား ABSDF  KPDF ပူးပေါင်းတပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

သူတို့က ဝင်နေကျမိုးတားလေးရွာထဲဝင်ချင်တာ ဒီဘက်ကလည်းပေးမဝင်ဘူး ခုနောက်ဆုံးအခြေနေကတော့ သူမဆုတ် ကိုယ်မဆုတ် နှစ်ဖက်စလုံးစောင့်ကြည့်အနေထားဘဲအပြန်အလှန်ပစ်ခတ်မှုကတော့ ဒီမနက်မှာတောင်တစ်ခါ ထိတွေ့တိုက်ပွဲတစ်ခါဖြစ်သေးတယ်။ သူတို့ဘက်က ဗျူဟာမှူးအပါ ၃၀ လောက်ကျတော့ကျဆုံးရှိပြီ ခုလည်းလေကြောင်းနဲ့ လာပစ်နေပြီဟု KPDF ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲ ၃ ရက်တာအတွင်း စစ်ကောင်စီတပ်မှ ဗျူဟာမှူးအပါအဝင် ထိခိုက်သေဆုံးသူ ၃၀ ဦးထက်မနည်းရှိပြီး ABSDF KPDF  ပူးပေါင်းတပ်မှ ၄ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။

တိုက်ပွဲအတွင်း အထိနာနေသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၁၈ ရက်နေ့ ဂျက်ဖိုက်တာ ၃ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သကဲ့သို့ ဇန်နဝါရီ ၁၉ ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားသည့် မိုးတားလေးရွာအနီး ဂျက်ဖိုက်တာ ၃စီးဖြင့် နေ့လည် ၁၂ နာရီဝန်းကျင်တစ်ကြိမ်နှင့် ညနေ ၅ နာရီဝန်းကျင်တွင်တစ်ကြိမ် စုစုပေါင်း ၂ကြိမ် လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။

အရင်နေ့ ဗုံးကြဲတဲ့ထဲမှာတော့ တိုက်ပွဲဖြစ်နေတဲ့နေရာလည်းလာကြဲတယ်။ ဒါပေမယ့် ရဲဘော်တွေထိတာမရှိဘူး မနေ့ကတော့ ကျနော်တို့ဘက်က ၁ယောက်ထိထားတယ် ABSDF ဘက်က ၃ယောက်ထိထားတာရှိတယ်။ ဟိုဘက်ကတော့ ထိခိုက်သေဆုံးမှု အများဆုံးဘဲဟု KPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ လာရောက်ပစ်မှုတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားသည့်နေရာအပြင် တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် ၄ မိုင်ခန့်ဝေးသည့် မိုးတားလေးကျေးရွာနှင့် တိုက်ကုန်းကျေးရွာတွင်းသို့ ပစ်ခတ်သွားသည့်အပြင် မိုးတားလေးကျေးရွာမှ အလှူလုပ်နေသည့် နေအိမ်တစ်လုံးနှင့်အပါအဝင် နေအိမ် ၂လုံးမီးလောင်ကာ ဒေသခံပြည်သူ ၇ ဦးပွဲချင်းပြီး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိထားကြောင်း သိရသည်။

ထို့အပြင် မိုးတားလေးကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေသည့် တပ်မ ၇၇ သည် ဇန်နဝါရီလ ၁၅ ရက်နေ့ ချောင်းဝကျေးရွာမှ မောင်နိုင်လင်း ၁၇ နှစ်၊ မောင်ထွန်းလင်းအောင် ၁၅ နှစ် ကိုမြင့်ခိုင် ၃၀နှစ်၊ ဦးမောင်ငွေ ၃၀၊ ဦးမျိုးမျိုး ၃၀ နှစ် တို့ ၅ ဦး စစ်ကြောင်းထိုးရာလမ်းတစ်လျှောက် လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းဆီးသွားရာ ယနေ့ချိန်ထိ ပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

မိုးတားလေးတိုက်နယ်သည် ကချင်စစ်ကိုင်းအစပ် ဧရာဝတီမြစ်ကမ်းနံဘေးတွင်တည်ရှိသည့်ကျေးရွာဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်လည်း ကျေးရွာအနီးတစ်ဝိုက် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲမကြာခန ဖြစ်ပွားလေ့ရှိသည်။

Show More

Related Articles

Back to top button