သတင်း

တဲကြီးတောကျေးရွာမှ ပျူစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်မှ သွားရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တဲကြီးတောကျေးရွာမှ ပျူစောထီးစခန်းတစ်ခုကို ဒေသကာကွယ်‌ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သားအပါအဝင် ပျူစောထီး ၅ဦးသေဆုံးပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီး သိမ်းပိုက်နိုင်ခဲ့ကြောင်း Dynamite Empire အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ၂၂ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ ရွှေဘိုမြို့အနောက်ခြမ်းရှိ ပျူစောထီးကျေးရွာအဖြစ် နာမည်ကြီးသော တဲကြီးတောကျေးရွာမှ ပျူစခန်းကို အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Dynamite Empire မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သူတို့က ရွာပတ်ပတ်လည်ကို ဘန်ကာတွေနဲ့ ကင်းတွေချထားတယ်။ အဲ့တာကို လက်နက်ကြီးတွေနဲ့အရင်ပစ်ခတ်တယ်။ ကျနော်တို့ဝင်စီးတဲ့အချိန် ဒီကောင်တွေက‌အရှုံးပေးပါပြီဆိုပြီးအော်ပြီးပြေးကြတာ။ အဲ့ဒီကင်းတွေနဲ့ သူတို့စခန်းတွေကိုလည်း မီးရှို့ ဖျက်ဆီးနိုင်ခဲ့တယ် သူတို့ဘက်ကအင်အားက ၄၀ကျော်ရှိတယ်လို့ သိရတယ်။ ကျဆုံးတာက စစ်သား၁ယောက်၊ ပျူ၄ယောက်ကျတယ်လို့ သိရတယ်ဟု Dynamite Empire မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခန့်ကြာမြှင်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဘက်မှလည်း ၃ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပျူကင်းတဲစခန်းများကို မီးရှို့ဖျက်ဆီးနေစဥ် စစ်ကောင်စီဘက်က စစ်ကားသုံးစီးဖြင့် စစ်အင်အားထပ်မံဖြည့်တင်းကာ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

တဲတောကြီးကျေးရွာသည် ရွှေဘိုမြို့အနောက်ဘက်ခြမ်းတွင်တည်ရှိပြီး အိမ်ခြေ ၂၀၀ ခန့်ရှိကာ ရွှေဘိုမြို့မှ ဆိုင်ကယ်ဖြင့် ၄၅ မိနစ်ခန့် မောင်းနင်း သွားရသည့် ကျေးရွာ ဖြစ်သည်။

အဆိုပါ တဲတောကြီးကျေးရွာမှ ပျူစောထီးများသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများကို အနိုင်ကျင့်နှိပ်စက်ကာ ပြည်သူပိုင်ဥစ္စာပစ္စည်းများကို ဖျက်ဆီးခြင်းခိုးယူခြင်းများ မကြာခနပြုလုပ်နေသောကြောင့် ယခုလိုကာကွယ်ရေးတပ်များ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု Dynamite Empire မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Dynamite Empire အဖွဲ့နှင့်အတူ မိုးကြိုးမုန်တိုင်းအဖွဲ့၊ Fighter One အဖွဲ့၊ MPF U-18 မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button