တိုက်ပွဲသတင်း

ဖားကန့်တွင် ကုမ္ပဏီဝင်းတစ်ခုအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA ၊ PDF ကသွားရောက်တိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ယူမာကျေးရွာ အဲဗားကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA နှင့် PDF ပူးပေါင်းတပ်တို့က ယနေ့ နံနက်ပိုင်းတွင်သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယူမာကျေးရွာ၏ အနောက်ဘက်ကြော ရပ်ကွက်သုံးရှိ အဲဗားကုမ္ပဏီဝင်းတွင် ယခုရက်ပိုင်းအတွင်းမှလာရောက် တပ်စွဲ နေထိုင်နေသည့် စစ်ကောင်စီတပ်စခန်းကို KIA PDF တို့က ယနေ့ နံနက် ၄နာရီ ခန့်အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖားကန့် ဒေသခံ KIA နှင့် နီးစပ်သူအမျိုးသားတစ်ဦးက KNG သတင်းဌာနကိုပြောသည်။

အဲ့ဒီကျောက်သွေးတောင်နဲ့ယူမာကြား ယူမာထဲက ကုမ္ပဏီရဲဲ့အဆောင်တွေမှာ သူတို့က တပ်စွဲနေထိုင် နေတာ အဲ့တာကိုသွားပစ်တာ ဒီဘက်ကပစ်တော့ သူတို့ဘက်ကလည်းပြန်ပစ်နဲ့ မိနစ်လေးဆယ်ကျော် ကျော်လောက်တော့ပစ်ကြတယ် ။အထိအခိုက်ကတော့ သေချာမသိရသေးဘူးစစ်ကောင်စီဘက်က ထိခိုက်တော့ရှိတယ်သိရတယ်စုံစမ်းနေတုန်းဟုအထက်ပါအမျိုးသားကပြောသည်။

စစ်သားအင်အား ၂၀ ကျော်သာရှိသည့် အဆိုပါ တပ်စခန်းသည် တပ်ထိုင်ထားသည်မှာ ၁၀ ရက်ကျော်အတွင်း တပ်စခန်းရှေ့ သွားလာသော ပြည်သူများကိုလည်း စစ်ဆေး ခြိမ်းလန့်မှုများရှိနေကြောင်း သိရသည်။

ဒီကောင်တွေကအခုအဲ့မှာရှိတာလေး ယူမာနောက်ကြောဘက်ကျမယ် ယူမာတောင်ကြောပေါ့အဲ့မှာတပ်စွဲ ထားတာ ဒီကောင်တွေက အောက်ဆင်းဆင်းပြီးပြည် သူတွေကိုဒုက္ခပေးပေးတာ အခုတပ ဆုတ်သွား လာမဆုတ်သေးဘူးလားမသိရသေးဘူး မနက် ၆နာရီလောက်မှာတောင်သူတို့အဲ့ကနေ လက်နက်ငယ် တစ်ချက်တစ်ချက်ပစ်သေးတယ်ဟုအခြားဒေသခံအမျိူးသားတစ်ဦးကပြောသည်။

KIA PDF သွားရောက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်ကကျဆုံးမှုရှိမရှိနှင့် တပ်ဆုတ်သွားခြင်းရှိမရှိကိုစုံစမ်းနေဆဲ ဖြစ်သည်။

စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်ကတည်းက ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက် ကုမ္ပဏီဝင်းများအတွင်းတပ်စွဲနေထိုင်ခြင်း၊ ကျောက်စိမ်းလုပ်သားများနှင့် ကုမ္ပဏီကိုယ်စားလှယ်များကို ဖမ်းဆီးခြင်း ၊ ငွေကြေးကောက်ခံခြင်းများပိုမိုပြုလုပ်လာသည်။

ဇန်နဝါရီလ ၂၁ရက်နေ့ညကလည်း ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်ရှိ မြို့နယ်ထွေအုပ်ရုး လက်နက်ကြီးငါးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်၊ပျက်စီးမှုများရှိခဲ့သည်။

Show More

Related Articles

Back to top button