သတင်း

ဖတ်မာကျေးရွာအနီး ရွှေတူးဖော်နေမူကြောင့် ဒေသခံများသောက်သုံးရေ ခက်ခဲနေ

ပူတာအိုမြို့နယ် ဖတ်မာကျေးရွာရှိ ဖတ်မာချောင်းတွင် ရွှေတူးဖော်နေမှုကြောင့် ဒေသခံပြည်သူများ သောက်သုံးရေ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

မြစ်ကြီးနားပူတာအို လမ်းမ၊ ဖတ်မာကျေးရွာ၊ ဖတ်မာချောင်းတွင် ရွှေတူးဖော်နေမှုကြောင့် ချောင်းရေ နှောက်နေသဖြင့် ဒေသခံများ သောက်သုံးရေ မရှိတော့လောက်အောင် အခက်တွေ့နေရကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။

ကျွန်တော်တို့ အခုဆိုရင် သုံးစရာရေ လုံးဝမရှိတော့ဘူး၊ ကျွန်တော်တို့ ဒီချောင်းမှာဘဲ အဝတ်လျှော်တယ်၊ ရေချိုးတယ်၊ သောက်ရေလည်းအဲ့ကဘဲ၊ အခုအဲ့ဒီရေတွေက အကုန်နှောက်နေတော့ ရေချိုးလို့လဲမရ ရေကယားတောင်ယားနေပြီ၊ ရေခပ်သောက်လို့လဲမရ၊ မိခင်တွေဆိုပို ဒုက္ခရောက်တယ် အဝတ်တွေဘယ်မှာသွားလျှော်ရတော့မလဲဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

ဒေသခံပြည်သူများအနေဖြင့် ထိုကဲ့သို့ ရေရှားပါးလာမှုအပါ် တာဝန်ယူဖြေရှင်းပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ သွားရောက်ပြောဆိုရာ ယခုလိုပြန်လည်ပြောဆိုခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက KNG ကို ပြောသည်။

အခုဒီကုမ္ပဏီတွေက စစ်ကောင်စီရဲ့ ဗျူဟာတွေပြီးတော့ ဒီ KIA  PDF တွေ အကုန်လုံးနှင့် ပူးပေါင်းပြီးမှ လက်မှတ်ထိုးထားတာ၊ ကချင်တကယ့် အရာရှိတွေနဲ့ရောလက်မှတ်ရေးထိုးထားတာဟု ဆိုပြီး ၎င်းတို့အားပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါရွှေတူးဖော်မှုနှင့် ပတ်သက်ပြီး ခွင့်ပြုကြောင်း သဘောတူစာချုပ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်မှတ်ရေးထိုးပေးခဲ့သော်လည်း ဒေသခံများအနေဖြင့် လက်ခံရေထိုးခဲ့ခြင်းမရှိကြောင်း ဒေသခံပြည်သူက KNG ကိုပြောသည်။

ကျွန်တော်တို့ကို ဘာတစ်ခုမှ မတိုင်ပင်ဘဲ သူတို့အရင် လက်မှတ်ထိုးခဲ့တယ် ပြီးမှ ကျွန်တော်တို့ကို ပြန်ထိုးခိုင်းနေတာ၊ ကျွန်တော်တို့ မထိုးပေးခဲ့ဘူး၊ ကျွန်တော်တို့ ကန့်ကွက်တယ်၊ ဆန္ဒပြမယ်ပြောတော့ သူတို့က အထက်ကနေ သဘောတူပြီး အကုန်လုပ်တာလို့ပြောတယ်ဟု ဒေသခံပြည်သူက KNG ကို ပြောသည်။

ဖတ်မာချောင်းသည် ဖတ်မာကျေးရွာအတွင်းတည်ရှိပြီး ရွှေတူးဖော်မှုအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ စတင်တူးဖော်ခဲ့ပြီးနောက် ၂ရက်အကြာတွင် ရေများစတင်နှောက်ကာ ရွံ့အိုင်ကဲ့သို့ ဖြစ်လာခြင်း‌ကြောင်း သိရဖြစ်သည်။

အဆိုပါ ဖတ်မာချောင်းကို အဓိကအသုံးပြုနေသည့် ကျေးရွာများသည် ဖတ်မာကျေးရွာအုပ်စုမှ လုံဂါယာန်၊ လုံဂါဂေါင်၊ ဖတ်မာဒါး၊ ဖတ်မာဒီ၊ ဖတ်မာဇွပ် ကျေးရွာများဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button