စစ်ပြေးဒုက္ခသည်များသတင်း

ဒီပဲယင်းတွင် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာမှ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၀ ခုမှ လူနေအိမ် ၁ ထောင်ကျော် တစ်ပတ်အတွင်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများထံမှသိရသည်။

စစ်အင်အား ၁၅၀ ကျော်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့များသည် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရေဦးမြို့မှ ဒီပဲယင်းမြို့သို့ ဦးတည် ထွက်ခွာလာခဲ့ပြီး ၂၄ ရက်နေ့မှစတင်ကာ ၂၉ ရက်နေ့အထိ ရွာစဥ် မီးပတ်ရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဒီရွာတွေက ရွာကြီးတွေဟုတ်တယ် သုံးထပ်တိုက်၊ တစ်ထပ်တိုက်၊ ပျဥ်ကာအိမ် အိုးအိမ် အပြည့်ပေါ့ အခုတော့ အကုန်ဖြိုချမီးရှို့ခံရတယ်။ နေ့ချင်းညချင်း အိုးမဲ့အိမ်မဲ့ဘဝရောက်သွားရတာ ဘယ်လောက်ခံစားနေရလဲဆိုတာကိုတော့ ပြောပြစရာစကားလုံးရှာမတွေ့ဘူးဟုဒေသခံတစ်ဦး က ဆိုသည်။

ညောင်လှရွာ ၃၆၇ လုံး၊ လက်ယက်ကုန်းရွာ ၃၉ လုံး၊ အုန်းတပင်ရွာ ၂၂၀ လုံး၊ ဒိုင်နတ်ရွာ၁၂၂လုံး၊ မရကန်ရွာ ၇၀ လုံး၊ သရက်တော ၉၆ လုံး၊ မူးခတွင်း ၆ လုံး၊ ယဉ်ကျေး ၁၃၉ လုံး၊ မစိုးရိမ် (အရှေ့၂ လုံး နှင့် မူးရိုးကုန်းကျေးရွာမှ ၁၅ လုံး မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။

နေအိမ် မီးရှို့ခံရမှုတွင် ဒေသခံများ၏ စပါးကျီ များပါ မီးရှို့ခံခဲ့ရတာကြောင့် စားနပ်ရိက္ခာများအရေးပေါ် လိုအပ်လျက်ရှိကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

လက်ရှိမိုးကာလေးတွေနဲ့ တဲထိုးနေကြရတယ်။ တစ်ချို့လည်းဘုန်းကြီးကျောင်းမှာ နေကြရတယ်။ တစ်ချို့ဆို နွားလှည်းအောက်မှာ နေနေကြရတယ်။ အဓိကတော့ စားနပ်ရိက္ခာခက်ခဲတာပေါ့ သူတို့မှာအိမ်မှာစုဆောင်းထားတဲ့ ဆန်စပါးကအစ အရှို့ခံခဲ့ရတာဆိုတော့ ဘာမှစားစရာမရှိဘူးပေါ့။ ကျနော်တို့ထောက်ပံ့တာကိုပဲ မျှော်ကိုးနေကြတာပေါ့။ သူတို့ကိုယ်ပိုင် မရပ်တည်နိုင်ခင်မှာ ကူညီထောက်ပံ့မှုတွေက လိုအပ်နေမှာဖြစ်တာကြောင့် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြပါလို့ တိုက်တွန်းပါတယ်ဟုပြောသည်။

အဆိုပါ စစ်ကြောင်းက ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း ဒီပဲယင်းမြို့နယ်က ကျေးရွာ ၃၇ ရွာနှင့် စိုင်ပြင်မြို့ ရပ်ကွက် ကနေအိမ် ၃၅၀၀ ကျော်ကို မီးရှို့ခဲ့သည့် မော်လိုက်အခြေစိုက် ခမရ၃၆၄ နှင့် ခမရ၇၀၁ ပူးပေါင်းတပ် တို့ဖြစ်ပြီး လက်ရှိမှာတွင်  ရွှေဘိုမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာတွေကို မီးရှို့နေတယ်လို့ ဒေသခံတွေကဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းတစ်ခုလုံးတွင် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမူကြောင့် နေအိမ် ၃၅၀၀၀ ကျော် မီးလောင်ပျက်စီးသွားပြီး ဒီပဲယင်းမြို့နယ်တစ်ခုတည်းက နေအိမ် ၄၅၀၀ ကျော်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများပြောသည်။

ယခုလို စစ်ကိုင်း ဒီပဲယင်းတွင် နေအိမ်မီးရှို့ဖျက်ဆီးခံရမှုသည်  မြန်မာနိင်ငံတစ်နိုင်ငံလုံးအတွင်း အများဆုံးပမာဏဖြစ်သည်ဟု စစ်ရှောင်ကူညီနေသူအဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများကို တစ်စုံတစ်ရာကူညီလှူဒါန်းလိုပါက ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ နှင့် ဒီပဲယင်းစစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့တို့၏ ဖေ့ဘုတ်ပေ့ချ်များမှတစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်သည်။

Show More

Related Articles

Back to top button