သတင်း

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားတဲ့ စစ်ကောင်စီတပ်က အာဏာကို နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာတော့ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး မာရှယ်လော (Martial Law) ကျင့်သုံးရန် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲ့ဒီကြေညာချက်မှာတော့ ဒေသကာကွယ်ရေးနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ စစ်ကိုင်းတိုင်းတိုင်းထဲက မြို့နယ် ၁၁ မြို့နယ်လည်း ပါဝင်လာပါတယ်။

ဒါပေမယ့် စစ်တပ်က ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုတွေအတွက် ဘာမှအကျိုးသက်ရောက်မှာမဟုတ်ဘူးလို့ ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။

သူတို့ဘက်က ဘယ်လိုအဆုံးသတ်ဥပဒေဘဲချချ ကျနော်တို့ဘက်က ဂရုမစိုက်အားသလို ကျနော်တို့ပန်းတိုင်ရောက်ဖို့ဆိုရင် ဘယ်လိုအတားအဆီးမဆို ရအောင်ကျော်ဖြတ်မှာဘဲ။ ဒီမာရှယ်လောထုတ်ပြန်တာက သူတို့အချင်းချင်းကြားမှာ အားနည်းလာလို့ ထုတ်ပြန်တာဖြစ်နိုင်သလို သူတို့ရဲ့ဒီထုတ်ပြန်ချက်ကလည်း ကျနော်တို့အတွက်ဘာအကျိုးသက်ရောက်မှုမှာ ရှိမှာမဟုတ်ဘူးလို့ ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့နယ် ၇၀ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ရဲ့ မာရှယ်လောက မြို့ပေါ်မှာနေတဲ့ ပြည်သူတွေကိုသာ အဓိက ထိခိုက်နိုင်တယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒါ့အပြင် ဗန်းမောက်မြို့နယ်ထဲ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်နဲ့ စစ်တပ်လက်အောက်ခံ ရဲဌာနတွေကြား အချင်းချင်းကြား ယုံကြည်မှုအားနည်းလာသလို ဖေဖော်ဝါရီလ ၂ ရက်နေ့ မာရှယ်လောထုတ်ပြန်လိုက်တဲ့နေ့မှာပင် စစ်ကောင်စီတပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ မြို့နယ်တွေမှာတော့ စစ်တိုင်းမှူးတွေက လုံခြုံရေး၊ လူမှုရေး၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးအပြင် တရားစီရင်ရေးစနစ်ကိုပါ ကျင့်သုံးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်အုပ်ချုပ်ရေးသတ်မှတ်ခံရတဲ့မြို့နယ်တွေမှာ နိုင်ငံရေးအခြေအနေအရပ်ရပ်တိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်အထိ အစီရင်ခံနေစရာမလိုဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဆီကိုသာ တိုက်ရိုက်အစီရင်ခံရမှာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ သတ်မှတ်ခြင်းခံရတဲ့ မြို့နယ်ထဲမှာတော့ ပြစ်မှုကျူးလွန်သူတွေကို စစ်ခုံရုံးက အမှုစစ်ဆေးနိုင်သလို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပေဒ၊ မတရားအသင်းအက်ဥပဒေ ပြစ်မှု၊ တပ်မတော်နဲ့ စစ်ကောင်စီခန့် အစိုးရဝန်ထမ်းတွေကို နှောက်ယှက်ဟန့်တားမှု၊ အဂတိလိုက်စားမှု၊ လက်နက်ဥပဒေပါပုဒ်မနဲ့ သတင်းမီဒီယာပုဒ်မတွေကိုပါ အရေးယူဆောင်ရွက်နိုင်တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

စစ်တပ်ကထုတ်ပြန်ထားတဲ့ မာရှယ်လောဥပေဒအပေါ် မြောင်ကာကွယ်ရေးတပ်ကတော့ အခုလိုပြောပါတယ်။

စစ်တပ်က ထုတ်ပြန်ထားတဲ့စစ်အုပ်ချုပ်ရေးက ကျနော်တို့တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့အနေနဲ့အဆိုးဆုံးကို ရင်ဆိုင်နေပြီးသားဘဲလေ ဒီထက်ဆိုးဖို့ဆိုတာမရှိတော့ဘူး။ အဓိကတော့ ပြည်သူတွေကိုဘဲ စိုးရိမ်တယ်လို့ မြောင်ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မြောင်မြို့နယ်မှာ တိုင်းဒေသကြီး ၃ ခုမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အများဆုံးနေထိုင်တဲ့ မြို့နယ်ဖြစ်ပြီး စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်အချို့နဲ့ ကျောက်ရစ်ကြားဂိတ်စခန်းသာ ထိန်းချုပ်ထားနိုင်တော့တဲ့တာကြောင့် စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်လာတာလို့ ကာကွယ်ရေးတပ်ဖွဲတွေကပြောပါတယ်။

အလားတူ ထီးချိုင့်နယ်မြေမှာလည်း စစ်တပ်ရဲ့ထုတ်ပြန်ထားတဲ့မာရှယ်လောက တော်လှန်ရေးအင်အားစုတွေအတွက် အကျိုးမထူးပေမယ့် ပြည်သူတွေကိုတော့ လက်ရှိချိန်ထက် ပိုသတိထားနေစေချင်တဲ့အပြင် တိုက်ပွဲများလည်း ပိုမိုပြင်းထန်လာနိုင်တာကြောင့် ကြိုတင်ရှောင်ရှားထားကြဖို့လည်း တိုက်တွန်းထားပါတယ်။

သူတို့ဘက်ကလုံးဝ ထိန်းမနိုင်တော့တဲ့အခြေနေကြောင့်လို့ဘဲ မာရှယ်လောထုတ်ပြန်လာတာ အရမ်းကိုသိသာပါတယ်။ ပြည်သူတွေကိုတစ်ခုဘဲပြောချင်တယ် ခေါင်းမမာကြပါနဲ့ ရှောင်စရာရှိရင်ရှောင်ကြပါ တစ်ချို့ပြည်သူတွေက ရှိတယ် ရှောင်စရာမလိုဘူးဆိုပြီး နေနေတာ ဒါပေမယ့် ခုပြောချင်တာက မာရှယ်လောထုတ်ထားပြီဖြစ်တဲ့ အရင်ထက်ပိုဂရုစိုက်ကြပါလို့ ပြောချင်တယ်လို့လည်း မာရှယ်လောထုတ်ပြန်ခံထားရတဲ့ ထီးချိုင့်မြို့နယ်ထဲက တော်လှန်အင်အားစုကပြောပါတယ်။

မာရှယ်လောထုတ်ပြန်ခံထားရတဲ့နယ်မြေမှာ စစ်အုပ်ချုပ်ရေးကာလအတွင်း ပြစ်မှုဆိုင်ရာမှုခင်းတွေကို စစ်ခုံရုံးဖွဲ့စစ်ဆေးနိုင်တယ်လို့ပါရှိပြီး ပြစ်မှုထင်ရှားပါက သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နဲ့ထောင်ဒဏ်၊ အမြင့်ဆုံးပြစ်ဒဏ်တို့ကို ချမှတ်နိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် စစ်ခုံရုံးက ချမှတ်တဲ့ ဆုံးဖြတ်ချက် ပြစ်ဒဏ်တွေကို အယူခံပိုင်ခွင့်မရှိစေရလို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ပြည့်ပြီးနောက်မှာလည်း  ပုဒ်မ ၄၂၅ ကိုသုံးပြီး နိုင်ငံတော်အာဏာကို ၆ လသက်တမ်းထပ်မံတိုးလိုက်တဲ့အပြင် လာမယ့် ဩဂုတ်လမှာလည်း အထွေထွေရွေးကောက်ပွဲကျင်းပဖို့အတွက် ဆိုင်းပြင်းနေသည်။

Show More

Related Articles

Back to top button