သတင်း

ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်

ကချင်ပြည်နယ် ရွှေကူမြို့နယ် ကုန်းချောင်းကြီးကျေးရွာဘက် စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်း မိုးစစ်ကျေးရွာဘက်မှ စစ်အင်အား ၃၀၀ ကျော်ခန့် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်နေရသည်ဟု ရွှေကူမြို့နေခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

စစ်ကြောင်းအဖွဲ့က ကားနဲ့တော့မဟုတ်ဘူး ခြေလျင်နဲ့ တက်သွားကြတာဟုတ်တယ် အင်တားကတော့ ၃၀၀ လောက်ရှိတယ်။ သူတို့ရဲ့ စစ်ရိက္ခာတွေအပြည့်နဲ့ ဖြည့်တင်းလာတယ်။ အခုကြားရသလောက်က အဲ့ဘက်မှာ PDF တွေရှိတဲ့ဘက်ကို ထိုးစစ်ဆင်ဖို့လို့ပြောတာပဲ။ အဲ့ကြောင့် ဒေသခံတွေက တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေရတယ်ဟုပြောသည်။

ယခုလို စစ်ကောင်စီအဖွဲ့ စစ်ကြောင်းထိုးမှုမတိုင်မှီ ကုန်းချောင်းကြီးကျေးရွာများဘက်သို့ ညအချိန် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများပြောသည်။

အဆိုပါ စစ်ကောင်စီအဖွဲ့သည် ယခင် ရွှေကူမြို့၏ တစ်ဖက်ကမ်းရှိ မိုးစစ်တိုက်နယ် ဆင်တပ်ကျေးရွာများတွင် ထိုးစစ်ဆင်ခဲ့သည့် အဖွဲ့ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီး ဧရာဝတီမြစ်ကမ်းနဘေး ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မကြာခဏဆိုရသလို စစ်ကြောင်းထိုးဝင်ရောက်နေသဖြင့် KIA PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်။

Related Articles

Back to top button