သတင်း

ဖားကန့်တွင် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျသေဆုံးခဲ့သည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်တွေ့ရှိ

ဖားကန့်မြို့နယ် မော်မောလယန် (Maw Maw La Yang) တွင် ပြီးခဲ့သော ၈ လခန့်က ရေကန်တစ်ခုအတွင်းပြုတ်ကျ သေဆုံးသွားသည့် မိသားစုဝင် ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်လည် ထွက်ပေါ်လာသည်ကို မြင်တွေ့ရကြောင်း သိရသည်။

ကလေးငယ်အပါအဝင် လင်မယား ၂ ဦးတို့ စီးနင်းလာသည့် ပါကျဲရိုကားတစ်စီးသည် ပေ ၄၀၀ နီးပါးနက်သည့် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျမှုဖြစ်ပွားခဲ့ရာတွင် မိသားစုဝင် ၃ ဦးသေဆုံံံးမှုဖြစ်ပွားခဲ့သည်မှာ ၈ လခန့်ကြာမြင့်လာပြီဖြစ်သည်။
အဆိုပါ ပြုတ်ကျသေဆုံးသွားသည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းသည် ယနေ့နံနက်အစေားပိုင်းက ပြန်လည်တွေ့ရှိခဲ့သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

ရေကန်နားမှာ ပထမက ဖော့တုံးပေါ်နေတာထင်တယ်။ နောက်မှ ကမ်းကပ်ပြီး သွားကြည့်တော့ အလောင်းဖြစ်နေတာ။ မျက်နှာလည်းမရှိတော့ဘူး ဆံပင်လည်းမရှိတော့ဘူး ခြေချောင်း လက်ချောင်းတောင်မရှိတော့ဘူး။ အမျိုးသမီးကြီးလို့ ဘာလို့ပြောနိုင်လဲဆိုတော့ သူ့ကိုယ်မှာ ကျန်နေတဲ့ အဝတ်ကြောင့်ပြောနိုင်တယ်အလောင်းကယ်ဆယ်ယူရာတွင်ပါဝင်ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

ပြန်လည်တွေ့ရှိခဲ့သည့် အမျိုးသမီး၏ ရုပ်အလောင်းကို ဖားကန့် ကြက်ခြေနီ လူမှုကူညီရေးအသင်းများက ဦးဆောင်ပြီး ယနေ့တွင် သဂြိုလ်ပေးလိုက်ကြောင်းသိရသည်။

ရေကန်တွင်းထဲ ပြုတ်ကျသေဆုံးသွားသည့် မိသားစုဝင် ၃ ဦးသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ဆေးခန်းပြရန် ဖားကန့်မြို့ဘက်သို့ ဆင်းလာစဉ်အတွင်း ကားဘရိတ်ပေါက်ကွဲမှုဖြစ်ကာ ရေကန်ထဲပြုကျသေဆုံးမှုဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်အချိန် လူမှုကူညီရေးအသင်းများက ကယ်ဆယ်ရေးလုပ်ငန်းများ ၁ ပတ်ခန့်အကြာ လုပ်ဆောင်ခဲ့သော်လည်း မိသားစု ၃ ဦး၏ ရုပ်အလောင်းမတွေ့ရှိခဲ့သည့်အတွက် ကယ်ဆယ်ရေးရပ်နားခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button