သတင်း

နန့်ယားစစ်တပ်ဂိတ်တွင် အမျိုးသားတစ်ဦး ဖမ်းဆီးရိုက်နက်ခံရ

ဖားကန့်လမ်း နန့်ယားကျေးရွာအဝင်ရှိ စစ်ကောင်စီဂိတ်တွင် ခရိုင်ရွန်း(Hkrai Run)ကျေးရွာဒေသခံ အမျိုးသားတစ်ဦး ဖမ်းဆီးရိုက်နက်ခံရပြီးနောက် ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ခရိုင်ရွန်းဒေသခံ အသက် ၅၀ နှစ်အရွယ် ဦးခန်းလောန်(Hkang Leng) သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်အချိန် နန်းယားကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် စျေးဝယ်ထွက်လာခဲ့ရာ စစ်ကောင်စီတပ်များက သူ့ကို မင်္သကာမှုဖြင့် ဖမ်းဆီးရိုက်နက်မှု ပြုလုပ်ခဲ့ကြသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကိုပြောသည်။

အဲ့ဒီဖြစ်တဲ့အချိန် ဘယ်သူမှ မမြင်ရဘူးလေ သူတို့ပြောတာက သူ့ရဲ့ ဆိုင်ကယ်ထဲမှာ ဝါယာကြိုးတစ်ခု တွေ့တယ်လို့ ပြောတာပဲ။ ပြီးရင် အဲ့အမျိုးသားက စကားမပြောတတ်တာလားတော့ မသိဘူး။ တော်တော်ရိုက်နက် လိုက်ကြတယ်လို့သိရတယ်ဟု ပြောသည်။

ဖမ်းဆီးရိုက်နက်ခံရသည့် အမျိုးသားကို ပြန်လွတ်ပေးရန်အတွက် ရွာတာဝန်ခံတစ်ချို့နှင့် မိသားစုများ နန့်ယားစစ်တပ်သို့ သွားရောက်ပေးဆိုခဲ့သော်လည်း ပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်း သူကဆက်ဆိုသည်။

အဆိုပါ နန့်ယားစစ်တပ်ဂိတ်သည် ဖားကန့်လမ်းတစ်လျှောက်ပေါ်ရှိသော ခရိုင်းရွန်း အပါ ဆိုင်းဖရာ၊ ဂတ်နွယ်၊ ပျားအုံ၊ ခွန်စိုင်ဇွပ် စသည့်ကျေးရွာဒေသခံများ နန့်ယားကျေးရွာသို့ စျေးဝယ်ထွက်ကြရာတွင် ပြည်သူများကို မကြာခဏ ရိုက်နက်မှုများပြုလုပ်နေသော ဂိတ်ဖြစ်သည်။

ထို့အပြင် နန့်ယားစစ်တပ်ဂိတ်တွင် ဖားကန့်ဘက်သို့ သွားလာသည့် ခရီးသည်များနှင့် ကုန်တင်ကားများကို စစ်ဆေးရေးတင်းကြပ်ထားသည့် စစ်တပ်ဂိတ်တစ်ခုဖြစ်သည့်အပြင် ဆန်နှင့် စက်သုံးဆီများကိုလည်း ပိတ်ဆို့ထားသည့် နေရာလည်းဖြစ်သည်။

Show More

Related Articles

Back to top button