သတင်း

ရွှေမှော်ဧရိယာရှိ KIA အခွန်ရုံးကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့

ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ လပူခမှော် (ဒေသအခေါ်) La Pu Hka Maw ရှိ KIA အခွန်ရုံးကို စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံပြည်သူများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင် တနိုင်းမြို့တွင်း စစ်ကောင်စီတပ်ဖွဲ့သည် လပူခမှော် KIA အခွန်ရုံးနေရာဘက်သို့ ဦးတည်ကာ လက်နက်ကြီး ၆ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု လပူခမှော် ဒေသခံတစ်ဦးက KNG ကိုပြောသည်။

မနေ့က ၉ နာရီလောက်ရှိမယ် တိုက်ပွဲဖြစ်တော့မဟုတ်ဘူး တနိုင်းဘက်ကနေ ဒီဘက်ကို ၆ ချက်လောက်ပစ်လာတာ။ တခြားထိခိုက်ပျက်စီသွားတာတော့ မရှိခဲ့ဘူးဟုပြောသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်လည်း စစ်ကောင်စီအဖွဲ့ ယခုကဲ့သို့ KIA အခွန်ရုံးနေရာကို ဒရုန်းဖြင့် လာရောက်ပစ်ခတ်မှုများ ရှိခဲ့သည်ဟု ဆက်လက် သိရသည်။

လပူခမှော်အတွင်း KIA အခွန်ရုံးထားရှိသည့်အပေါ် စစ်ကောင်စီတပ်မှ မလိုလားသည့်အတွက် ယခုလို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေခြင်းဖြစ်နိုင်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်က သုံးသပ်သည်။

KIA တပ်ဖွဲ့၏ ထိုအခွန်ရုံးနေရာသည် လပူမှော်အတွင်း ဝင်ရောက်လာသည့် စက်ယန္တရားဆိုင်ရာ အခွန်အကောက်များ၊ လုပ်ကွက်ခွန်၊ လေလံပေးထားသည့် ကြက်၊ ဝက်၊ အမဲသား၊ ဆန်၊ စက်သုံဆီများနှင့် အခြား အခွန်အကောက်များ ကောက်ခံနေသည့် နေရာဖြစ်သည်ဟုလည်းသိရသည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လပူခမှော်ရှိ လုပ်ငန်းရှင်တစ်ချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဝင်ရောက်သူများလည်းရှိကြောင်း သိရသည်။

ယမန်နေ့ တစ်ရက်ထဲ စစ်ကောင်စီတပ်သည် တနိုင်းမြို့အဝင် တိန်ကောက်ကျေးရွာ အရှေ့ဘက်ခြမ်း ဂါးရှားရား (Ga Shara) ဘက်သို့ လည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သော နှစ်ဆန်းပိုင်းက တနိုင်းအခြစိုက် စစ်ကောင်စီတပ်ဖွဲ့များနှင့် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တို့သည် စစ်အင်အားအလုံးအရင်းဖြင့် လပူခမှော်အတွင်း ဝင်ရောက်လာပြီး ရွှေတူးဖော်သည့် လုပ်ငန်းရှင်များ၏ ဘက်ဟိုး ၈ စီးနှင့် စက်ဆိုင်းတစ်ချို့ ကို ဝင်ရောက်ဖမ်းဆီးမှုများရှိခဲ့သည်။

Show More

Related Articles

Back to top button