သတင်း

ဗန်းမော်တွင် ကား၊ဆိုင်ကယ် ဖမ်းဆီးမှုပြန်လည်ပြုလုပ်နေ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင်း လေးမိုင်ရပ်ကွက်ရှိ BOC အမည်ရှိသော ဓါတ်ဆီဆိုင်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ လုံခြုံရေးအကြောင်းပြုကာ သွားလာသည့်ပြည်သူများကို စစ်ဆေးရေးတင်းကြပ်ထားပြီး ဖမ်းဆီးမှုတွင် လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှသိရသည်။

ယနေ့ မတ်လ ၃ ရက်နေ့မှစတင်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မြို့တွင်းနေရာများတွင် ကင်းပုန်းများချထားကာ  ဆိုင်ကယ်၊ အိမ်စီးကားများဖြင့် သွားလာသည့် ပြည်သူများအား စစ်ဆေးမေးမြန်းမှုပြုလုပ်ပြီး ဆိုင်ကယ် အစီး ၃၀ ကျော် ဖမ်းဆီးခံထားရကြောင်း ဗန်းမော်ဒေသခံတစ်ဦး KNG ကိုပြောသည်။

“မနေ့ကတည်းက မြစ်ဆုံဟိုတယ်နားတွေမှာ ဆိုင်ကယ်၊ ကား လမ်းသွားတဲ့ ပြည်သူတွေကို ပြန်စစ်နေတယ်။ လူဖမ်းခံသွားရတာတော့ မကြားမိဘူး။ လောလောဆယ်ကတော့ ဆိုင်ကယ် အစီး ၃၀ လောက်တော့ ပါသွားပြီးလို့သိရတယ်”ဟုပြောသည်။

စစ်ကောင်စီအဖွဲ့ ဖမ်းဆီးသွားသည့် ဆိုင်ကယ်များကို ပြန်လည်ရွေးယူခွင့်မပေးသည့်အပြင် ယနေ့တွင်လည်း မြို့တွင်းနေရာတစ်ချို့တွင် ကား၊ဆိုင်ကယ်များကို ဆက်လက်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သောနှစ် ၂၀၂၂ ခုနှစ်တွင်လည်း ဗန်းမော်မြို့တွင်းရှိ လေတပ်စခန်းပစ်ခတ်ခံရပြီးနောက် နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်ပြီး မြို့တွင်းသွားလာသည့် ပြည်သူများ၏ ဆိုင်ကယ်စီး ၂၀၀ ဝန်းကျင်နှင့် အိမ်စီးကား ၃၀ ကျော် ဖမ်းဆီးခဲ့ပြီး ပြည်သူများကို ပြန်လည်ရွေးယူခွင့်မပေးဘဲ သိမ်းယူလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် ဒေသခံပြည်သူများက စစ်ကောင်စီတပ်ဖွဲ့များမှ မြို့တွင်းနေရာများတွင် စစ်ဆေးမှုများတင်းကြပ် ဆောင်ရွက်နေသည့်အတွက် ပြည်သူပိုင်ဖြစ်သည့် ကား၊ ဆိုင်ကယ်များကို ဖမ်းဆီးပြီး သိမ်းယူလိုက်မည်ကို စိုးရိမ်နေကြသည်။

ဗန်းမော်မြို့သည် အစိုးရ၏ ခရိုင်၊ရုံးဆိုက်ရာမြို့နယ်တစ်ခုဖြစ်သည့်အတွက် စစ်ကောင်စီတပ်မှ လုံခြုံရေးအထူးကြပ်မတ်ထားသည့်အပြင် အာဏာသိမ်းပြီး​နောက် အရပ်သားပြည်သူဖမ်းဆီးခံရမှုအများဆုံးမြို့ဖြစ်သည်။

Show More

Related Articles

Back to top button