တိုက်ပွဲသတင်း

ဆိုင်းတောင် စစ်တပ်ကုန်း တိုက်ခိုက်ခံရပြီးနောက် အရပ်သားပြည်သူ ၂ ဦး လက်နက်ကြီးထိမှန်

ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ)ကျေးရွာ စာသင်ကျောင်းအနီးတွင် တပ်ချထားသော စစ်ကောင်စီ စခန်းကုန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်မှ ပြန်လည်ပစ်ခတ်သော လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၂ ဦး လက်နက်ကြီးထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိထားသည်ဟု သိရသည်။

မတ်လ ၅ ရက်ည ၁၀ နာရီခန့်တွင် ဆိုင်းတောင် စစ်တပ်ကုန်းတိုက်ခိုက်ခံရသည့်အတွက် ဆိုင်းတောင်ကျေးရွာနှင့် ၁ မိုင်ခန့်ဝေးသည့် ဆန်းကြွယ်စစ်တပ်သည် KIA နှင့် PDF အဖွဲ့ကို တန်ပြန်တိုက်ခိုက်ပစ်ခတ်ခဲ့ရာတွင် ယခုလို အရပ်သားများ ထိခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိတာကဟုတ်တယ် သားအမိနှစ်ယောက်ထိသွားတာ  အခုသားမိနှစ်ယောက်လုံးဆေးကုသခံယူနေတယ်။ စိုးရိမ်ရတဲ့အခြေလို့တော့ ပြောတယ်ဟု ပြောသည်။

လက်နက်ကြီးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရှိထားသည့် စန်းသီတာကုန်းမှ သားအမိနှစ်ဦးသည် အသက် ၅၀ နှစ်အရွယ် ဒေါ်ခင်မာ နှင့် အသက် ၁၀ နှစ်အရွယ် သူ၏ သမီးဖြစ်ကြောင်းသိရသည်။

တိုက်ခိုက်ခံရသော ဆိုင်းတောင် စစ်တပ်ကုန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် စတင်နေရာချထားခြင်းဖြစ်ပြီး စစ်အင်အား ၅၀ ခန့်ရှိသည်။

“KIA နဲ့ PDF တွေပေါင်းပြီးတော့ ဆိုင်းတောင်ရွာအလယ်မှာရှိတဲ့ စစ်တပ်ကုန်းကို သွားရောက်ပစ်ခဲ့ကြတယ်။ အပြန်လှန်ပစ်ခတ်ကြတာ မိနစ် ၂၀ လောက်ကြာတယ်။ သူတို့ရဲ့ အကျအဆုံးတော့ မသိရဘူးဟုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဒေသခံတစ်ဥိးက ဆက်ပြောသည်။

ထိုစစ်တပ်စခန်းသည် အရပ်သားများကို အကာကွယ်ယူ တပ်ချထားသည့် စခန်းတစ်ခုဖြစ်ပြီး ပြည်သူများကို ဖမ်းဆီးခြင်းနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းများကို ယခင်ကလည်း ပြုလုပ်ခဲ့သည်ဟု ဖားကန့်ဒေသခံများပြောဆိုချက်မှ သိရသည်။

Show More

Related Articles

Back to top button