သတင်း

ခင်ဦးတွင် ကလေးငယ်တစ်ဦး ဗုံးသီးဆော့ကစားရာမှ ပေါက်ကွဲသေဆုံးမှုဖြစ်ပွားခဲ့

ခင်ဦးမြို့နယ် အလယ်ရှိုးကျေးရွာအနီးတွင် ကလေးငယ်တစ်ဦး မပေါက်သေးသည့် ၄၀ မမ ဗုံးသီးတစ်လုံး ကောက်ယူဆော့ကစားနေရာမှ ပေါက်ကွဲ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ကလေးငယ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဗုံးသီးကို တောတွင်းတစ်နေရာက နွားကျောင်းသွားရာမှ ကောက်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

နယ်ခံတွေဆီကသိရတာကတော့ ကလေးက ကျည်ဖူးကောက်ရတာကို ကျောက်ခဲနဲ့ထုဆော့ပြီး မတော်တဆ ဖြစ်တာလို့ သိရတယ်ဟုဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။

သေဆုံးခဲ့သော ကလေးငယ်မှာ အသက် ၁၂ နှစ်အရွယ် မောင်ချစ်ရင်ထူး ဆိုသူဖြစ်သည်။

အဆိုပါ ဗုံးသီးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ခင်ဦးမြို့နယ်ကို စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့၏ ကျန်ရှိခဲ့သော ဗုံးသီးဖြစ်သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး၏ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့အပြင် လွန်ခဲ့သည့် ၄ လဝန်းကျင်တွင်လည်း ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာတွင် စစ်ကောင်စီ စစ်ကြောင်းထွက်ခွာသွားစဥ် ကျန်နေခဲ့သော ၆၀ မမဗုံးသီးကို ကောက်ယူထားသော အဖွားအိုတစ်ဦးသည် ဗုံးသီးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့်အပြင် နောက်ထပ် ၃ ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သေးသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် တိုက်ပွဲပြင်းထန်သည့်နေရာများတွင် မကြာခနဆိုသလို ဗုံးသီးကောက်ယူရာမှ ပေါက်ကွဲမှု ဖြစ်ပွားနေသောကြောင့် ပြည်သူများ အထူးသတိပြုသွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းပြောဆိုသည်။

Show More

Related Articles

Back to top button