သတင်း

အင်းတော်တွင် သုံးရက်အတွင်း PDF နှင့်ဆက်စပ်မှုရှိသည်ဟု ဖမ်းဆီးခံရသူ ၂၂ ဦးအထိရှိ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ၃ ရက်အတွင်း PDF အဖွဲ့၏ ထောက်ပို့လုပ်သည်ဟု စွပ်စွဲပြောဆိုကာ ဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူ ၂၂ ဦးအထိရှိလာပြီး ထိုထဲတွင် အမျိုးသမီး ၁၇ ဦးပါဝင်ကြောင်း သိရသည်။

မတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ စစ်ကောင်စီိအဖွဲ့က အင်းတော်မြို့တွင်းသွားလာသည့် အရပ်သားပြည်သူများကို စစ်ဆေးမေးမြန်းမှုပြုလုပ်ကာ PDF အဖွဲ့ကို ထောက်ပို့လုပ်ကြောင်း အတင်း အဓမ္မဖမ်းဆီးမှုများရှိနေကြောင်း အင်းတော်ဒေသခံတစ်ဦး KNG ကိုပြောသည်။

စဖမ်းတဲ့နေ့က ၃ ရက်နေ့လောက်ကဟုတယ်။ အင်းတော်မြို့တွင်းလမ်းဆုံမီးပွိုင့်မှာ နှစ်ယောက်ဖမ်းခံလိုက်ရတယ်။ သူတို့နှစ်ယောက်ဖမ်းခံရပြီးနောက်ပိုင်း ဆက်တိုက်ဖမ်းတော့တာပဲ မနေ့ကထိ ၂၂ ယောက်ရှိသွားပြီ မိသားစုဝင်တွေနဲ့လည်း ဆက်သွယ်ခွင့်မရေသေးဘူးဟုပြောသည်။

ဖမ်းဆီးခံရသည့် အရပ်သားပြည်သူများသည် အင်းတော်စည်ပင်သာယာ စျေးတိုက်တန်းအတွင်းနေထိုင်သည့် စျေးသည်အမျိုးသမီး ၁၅ ဦး၊ CDM ဆရာမ ၄ ဦး၊ အမျိုးသား ၃ ဦးတို့ဖြစ်ကြောင်းသိရသည်။

ထို ၂၂ ဦးထဲတွင် အမျိုးသမီး ၃ ဦးက မတ်လ ၅ ရက်နေ့ည ပြန်လည်လွတ်မြောက်လာပြီဟု သိရသော်လည်း မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်မသိရသေးကြောင်း ဆက်ဆိုသည်။

မိန်းကလေး ၃ ယောက်ကတော့ ပြန်လွတ်လာတယ်။ ဘယ်သူဘယ်ဝါတော့ အခုချိန်ထိမသိရသေး ကျန်တဲ့သူတွေက မလွတ်သေးဘူး။ အခုကြားရသလောက်က တရားစွဲမယ် ဘာညာတော့ ကြားတယ်။ သူတို့ကို အင်းတော်စစ်တပ်ကုန်းမှာဖမ်းထားတယ်ဟုဆက်ဆိုသည်။

လက်ရှိ စစ်ကေင်စီအဖွဲ့ ဖမ်းဆီးထားသည့် အမျိုးသမီးများသည် သာမန်စျေးသည်များသာဖြစ်ကြပြီး ၎င်းတို့စွပ်စွဲနေသည့် PDF ထောက်ပို့များလည်းမဟုတ်ကြောင်း သတင်းအရင်းအမြစ်များကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များက ယနေ့အထိ အင်းတော်မြို့တွင်းနေရာများတွင် လှည့်လည် လိုက်လံစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး အဆိုပါ အင်းတော်စည်ပင်စျေးတိုက်တန်းရှိ စျေသည်တစ်ချို့လည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်နေသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆက်လက်သိရသည်။

အင်းတော်မြို့နယ်တွင် PDF များကို ထောက်ပို့လုပ်သည်ဟု စွပ်စွဲခံရပြီး ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ၁၀၀ ဝန်းကျင်အထိရှိခဲ့လာပြီး ၎င်းတို့ကို တပ်တွင်းနေရာများတွင် ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button