စစ်ပြေးဒုက္ခသည်များသတင်း

ခင်ဦးနယ် စစ်ရှောင်စခန်းတစ်ခုတွင် အမွှာကလေးငယ် ၂ ဦး၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ် ၁၀၀ ကျော်အတွက် အကူအညီလိုအပ်

စစ်ကိုင်းတိုင်းဒေသကြီး ခင်းဦးမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မွေးဖွားခဲ့သည့် အမွှာပူးကလေးငယ်မိသားစုအပါအဝင် သက်ကြီးရွယ်အိုနှင့် ကလေးငယ် ၁၀၀ ကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ခင်းဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှသိရသည်။

ပြီးခဲ့သော ၂၀၂၂ခုနှစ်တွင် ခင်းဦးမြို့နယ်၏ အနောက်ခြမ်းဘက်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့တို့က အဆိုပါ စစ်ရှောင်ပြည်သူများ၏ ကျေးရွာ ၄ ခုကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကျေးရွာအတွင်း တပ်စွဲနေထိုင်ထားသောကြောင့် နေရပ်ပြန်နိုင်ခြင်းမရှိသေးဘဲ စစ်ရှောင်ကာလ တစ်နှစ်ကျော်အထိ စစ်ရှောင်နေရဆဲဖြစ်ကြောင်းသိရသည်။

ဒီဒေသခံတွေက ပျူရွာနဲ့စစ်ကောင်စီစခန်းတွေနဲ့ အနီးဆုံးရွာတွေဖြစ်ကြတယ်။ အဲ့ကြောင့် သူတို့ရဲ့ ရွာကို ပြန်လို့မရဘဲ အမြဲတမ်းစစ်ရှောင်တွေဖြစ်သွားကြတယ်။ အခုဆို ဒီအမွှာလေး ဆိုရင်လည်း စစ်ရှောင်ရင်းနဲ့ မွေးခဲ့ရတာ။ မိခင်က နို့မထွက်တော့ နို့ဗူးလေးပဲတိုက်နေရတာ အာဟာရမပြည့်ဘူးဆို တစ်ဗူးကို နှစ်ယောက်နဲ့ နို့ဖိုးဝယ်ဖို့လည်း အဆင်မပြေကြဘူး။ ဒီမှာက တခြားကိုယ်ဝန်ဆောင်မိခင် အသက်ကြီးရွယ်အိုတွေပါရှိသေးတယ်။ ပြီးတော့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေလည်းဖြစ်ကြတယ်ဟုခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးဆိုသည်။

အဆိုပါ စစ်ရှောင်များသည် လက်ရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းနေရာများတွင် ခိုလှုံနေကြပြီး စစ်ရှောင်ကူညီရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရှားနေသည့်အပြင် စစ်ကောင်စီဘက်မှလည်း ခင်းဦးမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့မှုတွေကြောင့် စစ်ရှောင်များပိုမိုခက်ခဲလာကြောင်းဖြစ်သည်ဟု သူကဆက်ဆိုသည်။

ခင်ဦးမှာက အင်တာနက်တွေဖြတ်ခံထားရတယ်။ စစ်တပ်ဘက်နေ စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ နောက်ပိုင်းတွေဆို လမ်းကြောင်းတွေ ပိတ်ခံထားရတယ်။ အခုကြောင့် အခက်အခဲပိုများလာတယ် ပြီးရင် လယ်ပိုင်ရှင်တွေကလည်း ကိုယ်တိုက်ပဲလယ်လုပ်ကြတော့ အလုပ်ငှားတဲ့လူနည်းလာတဲ့အခါ စစ်ရှောင်တွေက ပုံမှန်ဝင်ငွေတွေမရှိတော့ဘူး ပိုခက်ခဲလာကြတယ်ဟုပြောသည်။

စစ်ရှောင်အကူအညီလိုအပ်နေသည့် စစ်ရှောင်များသည် ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်း ပျူစောထီးအများဆုံးရှိသည့် ပျဉ်ထောင်ရွာနှင့် ရွာသစ်ကုန်းကျေးရွာအပြင် စစ်ကောင်စီအဖွဲ့ထိုင်ချထားသည့် အင်ပတ်၊ အင်တိုင်းလေး၊ သရက်ပင်စု၊ ဗျဉ်းဒေါင် စသည့် ကျေးရွာ ဒေသခံပြည်သူများဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် ဒေသခံပြည်သူ ၇သိန်းခွဲ ဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA)၏ ၂၀၂၃ခုနှစ် မတ်လ၄ရက်နေ့က ထုတ်ပြန်ချက်အရသိရသည်။

Show More

Related Articles

Back to top button