သတင်း

လိုင်ဇာမှာ အမှိုက်ကောက်ခြင်း အစီစဉ်ပြုလုပ်

ယနေ့ မတ်လ ၁၄ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမြစ်ချောင်းအင်းအိုင်များနေ့ အထိမ်းအမှတ်အဖြစ် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ မြစ်ချောင်းများတစ်လျှောက် အမှိုက်ကောက်ခြင်း အစီစဉ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေသတွင်း အမှိုက် ပိုမိုများပြားလာခြင်းကို လျော့ချလာနိုင်ရန်၊ ရေထဲသို့ အမှိုက်များ ပစ်ထည့်ခြင်း မပြုလုပ်ရန်နှင့် ပတ်သက်ပြီး အသိပညာပေးလိုသောကြောင့် အထက်ပါအစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း Htoi Gender & Development Foundation မှ ဒါရိုက်တာ Nbau Nang Pu က KNG ကိုပြောသည်။

“ကျွန်မတို့ မြစ်ချောင်း အင်းအိုင်တွေကို ကာကွယ်ဖို့ မြစ်ချောင်းတွေ ရေစီးကြောင်း ကောင်းကောင်းနဲ့ သန့်ရှင်းပြီး စီးဆင်းဖို့ရန်လိုအပ်တယ်၊ ဒီလိုမျိုး ပတ်ဝန်းကျင်မှာရှိတဲ့ ချောင်းတွေထဲက အမှိုက်တွေကိုကောက်ရင်း ကျွန်မတို့ ပက်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်အောင်ပြုလုပ်လာနိုင်ရန်နဲ့ ရေထဲမှာ အမှိုက်တွေမထည့်ဖို့ Awareness ပေးပြီး အမူအကျင့်တွေပြောင်းလဲ လာနိုင်စေရန် ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်တယ်” ဟု ပြောသည်။

လိုင်ဇာမြို့ရှိ မုန့်လိုင်ချောင်း၊ လိုင်ဇာမြို့လယ်ချောင်း၊ ခရာချောင်း၊ ခကျန်ချောင်း စသည့်နေရာများတွင် အမှိုက်များ လိုက်ကောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှိုက်ကောက်ခြင်း ချောင်းရှင်းလင်းရေးလုပ်ဆောင်ရာတွင် ဒေသခံလူငယ်များလည်း လာရောက်  ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

“ ဒီမှာ လာရောက်ပါဝင်ရခြင်း အကြောင်းကတော့ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ မြစ်ချောင်းတွေမှာ အမှိုက်တွေ အရမ်းများတယ်၊ အဲ့တာကို ကိုယ့်ဘက်က တက်နိုင်သလောက် လျော့ချလာနိုင်အောင်ဆိုပြီး အမှိုက်တစ်ခုဖြစ်ဖြစ်၊ သန့်ရှင်းနိုင်အောင်ဆိုတဲ့ စိတ်နဲ့ ဒီအစီအစဉ်မှာ ပါဝင်ရခြင်းဖြစ်တယ်” ဟု လူငယ်တစ်ဦးက ပြောသည်။

အမှိုက်လိုက်ကောက်ခြင်း အစီအစဉ်တွင် CDM၊ KSCU ကျောင်းသားများ၊ KIO စည်ပင်သာယာအဖွဲ့၊ ပြည်သူ အယောက် ၃၀၀ ကျော်ပါဝင်ခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button