သတင်း

ဖားကန့်တွင် ပြည်သူ ၆ ဦး ထပ်မံ ဖမ်းဆီးခံရ

ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု သောင်းချိုရပ်ကွက်တွင် ယနေ့ နံနက် အရပ်သားပြည်သူ ၆ ဦးကို စစ်ကောင်စီတပ် ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၅ နာရီဝန်းကျင် စစ်အင်အား ၂၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သားများသည် စစ်ကားများဖြင့် သောင်းချိုရပ်ကွက်သို့ ဝင်ရောက်လာပြီးနောက် ရပ်ကွက်အတွင်း နေအိမ်တစ်အိမ်မှ အရပ်သားပြည်သူ ၆ ဦး အား ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မိုးလင်းခါနီး ဝင်စီးတာလို့ သိရတယ်။ ဘာကြောင့် လာဝင်စီးတယ်ဆိုတာတော့ မသိရဘူး။ ကျနော်တို့ကြားတာကတော့ အဲတစ်အိမ်ထဲမှာဘဲ ၆ ယောက် ဖမ်းခံရတာလို့ပြောတယ်ဟုပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်များသည် အဆိုပါနေအိမ်သို့ ဝင်ရောက်စီးနင်းခြင်းသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်မှုရှိနိုင်သည်ဆိုသည့် သံသယကြောင့် ဝင်ရောက်စီးနင်းခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

သို့သော်  အဆိုပါ အရပ်သားပြည်သူ ၆ ဦးဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး  KNG  သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် ဖားကန့်မြို့အတွင်း လုံခြုံရေးပိုတင်းကြပ်လာသည့်အပြင် ဇန်နဝါရီလမှစကာ တော်လှန်ရေးအဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိနိုင်သည်ဟု ယူဆရသူများအား စစ်အင်အားအလုံးအရင်းသုံးပြီး နေ့ည မပြတ် လိုက်လံဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

မတ်လ ၁ ရက်နေ့တွင် ရှရော်ခကျေးရွာမှ ပြည်သူ ၁၅၀ ဝန်းကျင်ခန့်အား ဖမ်းဆီးခဲ့ပြီးနောက် မှတ်ပုံတင်များစစ်ဆေးမှုပြုလုပ်ခဲ့ပြီး အချို့ပြည်သူများအား ပြန်လည်လွှတ်ပေးခဲ့သော်လည်း ၃၀ ဦးခန့်ကိုတော့ ထိန်းသိမ်းထားဆဲဖြစ်သည်။

ထို့နောက် မတ်လ ၇ ရက်နေ့ စစ်ကိုင်းမှ ဖားကန့်သို့လာရောက်တိမ်းရှောင်နေသည့် NLD ပါတီဝင်တစ်ဦးကို ဖမ်းဆီးခဲ့သည်။

မတ်လ ၈ ရက်နေ့တွင် မှော်ဝမ်းရပ်ကွက်မှ ပြည်သူ ၈ ဦး၊ မတ်လ  ၁၁ ရက်နေ့ KIA,PDF ပြည်သူအပါအဝင် စုစုပေါင်း ၉ ဦး ၊ မတ်လ ၁၃ ရက်နေ့ မှော်ဝမ်းရပ်ကွက်မှ ၇ ဦးအပါအဝင် မတ်လ ၁၅ ရက်နေ့ ယနေ့အေးမြသာယာ သောင်းချိုရပ်ကွက်မှ ၆ ဦးထပ်မံဖမ်းဆီးရကာ မတ်လ လဝက်အတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၁၉၀ ဝန်းကျင်ရှိလာပြီဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံရမှုတွင် ရှရော်ခကျေးရွာတွင်းဖမ်းဆီးသွားသည့် ပြည်သူအချို့ကိုသာ ပြန်လွှတ်ပေးခဲ့ပြီ ကျန်ဖမ်းဆီးခံရသူများကိုမှု ပြန်လွှတ်ပေးခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်သည် ဖားကန့်မြို့တွင်း နေထိုင်သည့်အရပ်သားပြည်သူများအား သံသယဖြင့် နေ့ ည မပြတ် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေသောကြောင့် ဒေသခံများအနေဖြင့် လုံခြုံမှုအင်မတန်အားနည်းလာပြီး သွားရေးလာရေးပင် စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးကပြောသည်။

Show More

Related Articles

Back to top button