စစ်ပြေးဒုက္ခသည်များသတင်း

ဝိုင်းမော် ကဇူး ဒေသခံများ နေရပ်ပြန်ပြီ

မြစ်ကြီးနားဗန်းမော် လမ်းမပေါ် ဝိုင်းမော်မြို့နယ် ကဇူး(Katsu) ကျေးရွာဒေသခံစစ်ရှောင်များ မတ်လ ၁၄ ရက်နေ့ ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်ပြန်ပြီဟု သိရသည်။

မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့ရှိ စစ်ရှောင်စခန်းများတွင် နေထိုင်ကြသော ကဇူး (Katsu) ကျေးရွာဒေသခံ အိမ်ခြေ ၁၀၀ ကျော်သည် ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် နေရပ်ပြန်ခြင်းဖြစ်ကြောင်း နေရပ်ပြန် စစ်ရှောင်တစ်ဦးက KNG ကို ပြောသည်။

ကျွန်တော်တို့က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ပြန်ဖို့ တိုင်ပင်ခဲ့ကြတယ်။ ၂၀၂၃ ခုနှစ်မှာပြန်နိုင်အောင် ကျွန်တော်တို့အနေနဲ့ ရည်ရွယ်ထားတဲ့ အတိုင်းလုပ်တာပေါ့၊ အစိုးရဘက်ကိုလည်း ပြန်ဖို့ အကြိမ်ကြိမ် ခွင့်တောင်းတယ်၊ KBC အနေနဲ့လည်း ကိုယ်ထူကိုယ်ထနဲ့ ပြန်နိုင်တယ်ဆိုရင်တော့ ပြန်လို့ရတယ်လို့ ပြောတဲ့အတွက် ကျွန်တော်တို့ အနေနဲ့လည်း ကိုယ့်ဒေသကို ထားခဲ့ရတာ ၁၁ နှစ် ၁၂ နှစ်ရှိလာပြီမို့ မပြန်ရင် မဖြစ်ဘူးဆိုပြီး အခုဒီ ကျေးရွာထဲက KBC ရဲ့ ခွင့်ပြုချက်ယူပြီး ပြန်နေတာပါဟုပြောသည်။

စစ်ရှောင်များနေရပ်ပြန်သည့် မြင်ကွင်း

နေရပ်ပြန်သူများမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး နေရပ်ပြန်ရောက်သည့် အနေဖြင့် ဆုတောင်းခြင်းအစီအစဉ်များ ပြုလုပ်ပြီးသည့်နောက် ကျန်ရှိသည့် အိမ်ထောင်စုများကို ပြန်လည်းခေါ်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လုံခြုံသည့်အခြေအနေကြောင့် နေရပ်ပြန်ခြင်းမဟုတ်ဘဲ မိမိတို့ ဒေသကို ပြန်လည်ထူထောင်နိုင်ရန် ဆုံဖြတ်ချက်ကြောင့် ပြန်ရခြင်းဖြစ်သည်ဟု နေရပ်ပြန် ပြည်သူတစ်ဦးက ပြောသည်။

နေရပ်ပြန်မည့် ပြည်သူအများစုမှာ ပြန်လည်ထူထောင်ရေးအတွက် အခြေခံ သောက်ရေ၊ အစားအသောက်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ အကောင်ထည်ဖော်ရန် အခက်အခဲများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။

ကဇူးကျေးရွာတွင် ယခင်ကတည်းက နေရပ်ပြန်ရန် ပြင်ဆင်ခဲ့ပြီး အများစုမှာ နေအိမ်တည်ဆောက်ရန် လိုအပ်နေခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ကဇူးကျေးရွာနှင့် ကပ်လျက် ဂါးရာယန် ဒေသခံ ၃၀၀ ဝန်းကျင်လည်း နေရပ်ပြန်ပြီ ဖြစ်သည်။

Show More

Related Articles

Back to top button