သတင်း

အင်းတော်မှာ စစ်အင်အား ၅၀၀ ခန့်ဖြင့် ဗျူဟာမြောက်စခန်းတစ်ခု တည်ဆောက်နေ

ကချင် စစ်ကိုင်းနယ်စပ် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ အင်တော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ဗျူဟာမြောက်စခန်းတစ်ခု တည်ဆောက်ရန် ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗျူဟာမြောက် စစ်တပ်စခန်း တည်ဆောက်မယ့်နေရာဟာ အင်းတော်မြို့ကနေ ၂ မိုင်ခန့်ကွာဝေးတဲ့ နေရာမှာရှိပြီး နန်းကင်ကျေးရွာနဲ့ ၁ မိုင်ခန့်သာဝေးတဲ့နေရာက ချင်းကုန်းတောင်ဆိုတဲ့ တောင်ကုန်းငယ်တစ်ခုဖြစ်ပြီး နယ်မြေအနေအထားအရ အချက်အချာကျတဲ့နေရာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲနေရာက ပြန့်လည်းကျယ် တောလည်းထူတယ် နယ်မြေအနေထားအရ အချက်ချာကျတဲ့နေရာဖြစ်တယ် အဲကြောင့်သူတို့ဘက်က ရေရှည်အတွက်ကြိုပြီးတော့ ဗျူဟာမြောက်စခန်းဆောက်ပြီး အခိုင်အမာတပ်စွဲဖို့ ပြင်ဆင်နေတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချင်းကုန်းတောင်မှာ ဗျူဟာမြောက်စခန်းတည်ဆောက်ဖို့ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ဘက်က စစ်ကားအစီး ရေ ၄၆ စီးနဲ့ စစ်အင်အား ၅၀၀ ဝန်းကျင်ကိုလည်း လာရောက်ပို့ဆောင်ထားတဲ့အပြင် လက်ရှိမှာ ကတုတ်ကျင်းတူးတာ သဲအိတ်နဲ့ ပန်ကာဆင်တာတွေလုပ်ဆောင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ယခင်က အင်းတော်မြို့နယ်မှာ အထိုင်ချတပ်စခန်းတစ်ခုသာရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အဲဒီ စစ်တပ်စခန်းအပြင် အင်းတော်- ဗန်းမောက်သွားတဲ့လမ်းမှာ စစ်ဆေးရေးဂိတ်တစ်ခုနှင့် အင်းတော်မြို့အထွက် စစ်ဆေးရေးဂိတ် ထပ်မံတိုးလာတဲ့အပြင် ချင်းကုန်းတောင်မှာ ဗျူဟာမြောက်စခန်းထိပါ ထပ်တိုးတည်ဆောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အင်းတော်မြို့နယ်အတွင်း စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် လုံခြုံရေး ပိုမိုတင်းကြပ်လာတဲ့အပြင် ဖေဖော်ဝါရီလတစ်လအတွင်း အရပ်သားပြည်သူ ၃၀ ဝန်းကျင်ထိ ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိချိန်မှာလည်း အင်းတော်မြို့နယ်အတွင်း စစ်အင်အားအလုံးအရင်း ပို့ဆောင်ထားပြီးတော့ အင်းတော်မြို့နယ်မှတစ်ဆင့် ဗန်းမောက်၊ ကသာ၊ မိုးကောင်း တစ်လျှောက် စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုတွေလည်း ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“သူတို့က အင်းတော်ထဲမှာအထိုင်ချပြီး အဲကနေတစ်ဆင့် အရှေ့နောက် တောင်မြောက် စစ်ရေးလှုပ်ရှားနေတာ ချင်းကုန်းတောင်မှာအထိုင်ချတယ်ဆိုတာလည်း ရှေ့လျှောက်သူတို့တွေ ဒီလိုတွေဘဲ လှုပ်ရှားဖို့အတွက်လို့မြင်တယ်။ ခုနောက်ဆုံးကြားရတဲ့ အခြေနေအရ အဲချင်းကုန်းတောင်မှာ အချုပ်ထောင်တွေအထိပါ ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ ကြားနေရတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်း- ကချင်အစပ်ဖြစ်တဲ့ အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်များ မကြာခနဆိုသလို တိုက်ပွဲဖြစ်ပွားတဲ့နေရာဖြစ်တဲ့အပြင် စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း စစ်ယာဉ်တန်းများကိုလည်း KIA နှင့် PDF တပ်တွေက မကြာခနဆိုသလို စောင့်ကြိုတိုက်ခိုက်နေရဆဲဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အတန်အသင့်ရှိတဲ့ မြို့နယ်ဖြစ်သလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အားကောင်းတဲ့မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ် ၃၇ မြို့နယ်အား စစ်အုပ်ချုပ်ရေးကြေညာရာမှာ အင်းတော်မြို့နယ်ကိုလည်း ထည့်သွင်းကြေညာခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အင်းတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ထည့်သွင်းကြေညာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိနိုင်တယ်လို့ ယူဆသူများကို လိုက်လံဖမ်းဆီးတာတွေ ပိုမိုလုပ်ဆောင်လာတဲ့အပြင် ယခုလို ဗျူဟာမြောက်တပ် စခန်းတည်ဆောက်လာတာဟာဆိုရင်လည်း စစ်ရေးအရအသာစီးရယူရန်ပြင်ဆင်လာတာလို့ ဒေသကာကွယ်ရေးတပ်တွေကပြောပါတယ်။

စစ်ကောင်စီတပ်တည်ဆောက်ဖို့ပြင်ဆင်နေတဲ့ ချင်းကုန်းတောင်မှာ နယ်မြေအချက်အချာကျတဲ့နေရာဖြစ်တာကြောင့်  ဗျူဟာကုန်းတပ်စခန်းတစ်ခုတည်ဆောက်ပြီးပါက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအတွက် စစ်ရေးလှုပ်ရှားမှုတွေမှာ အခက်ခဲရှိလာနိုင်တယ်လို့လည်း ဒေသကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။

“အဲတောင်ကုန်းကနေဆိုရင် ကျနော်တို့လှုပ်ရှားတဲ့နေရာတွေ လှမ်းမြင်နေရတယ် အဲကုန်းမှာ လက်နက်ကြီးထောင်ပြီး လှမ်းပစ်လို့ရတဲ့အနေထားမှာရှိတယ်။ သူတို့ဘက်က စစ်ရေးအရအသာစီးရဖို့ ကြိုးစားလာတာဖြစ်တယ်။ ဒီတော့ ကျနော်တို့ဘက်က နည်းနည်းခက်ခဲတော့ရှိလာနိုင်တယ်။ ပြီးတော့ သူတို့ကအဲမှာအထိုင်ချပြီး တပ်ဖြန့်လှုပ်ရှားလို့ ရနိုင်တယ်“ လို့ ဒေသကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးကပြောပါယ်။

စစ်ကောင်စီတပ်တွေ ဗျူဟာကုန်းတပ်စခန်းတည်ဆောက်မယ့် ချင်းကုန်းတောင်ကုန်းဟာ နန်းကင်ကျေးရွာက ပြည်သူတွေ တောင်ရိုးတစ်လျှောက် ဝါးခုတ်၊ ထင်းခွေတာတွေအပြင် မှီခိုလုပ်ကိုင်စားသောက်နေတဲ့ နေရာတွေဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိ ချင်းကုန်းတောင်မှာ အထိုင်ချမယ့်တပ်စခန်းအတွက် ပြင်ဆင်မှုလုပ်နေတဲ့အပြင် ဒေသခံပြည်သူတွေကိုလည်း ချင်ကုန်းတောင်အနီးတစ်ဝိုက် သွားလာခြင်းမပြုဖို့ ကန့်သတ်တားမြစ်တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေအနေနဲ့ အခက်ခဲများစွာရှိလာကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

“အဲတောင်ရိုးမှာ ကျမတို့ဒေသခံတွေက ထင်းခွေပြီး ရောင်းတယ်။ ဝါးခုတ်တာတွေလည်းရှိတယ် တစ်ချို့ဆိုရင် သီးပင်စားပင် ဝယ်ပြီး စိုက်ပျိုးထားတဲ့ဟာတွေလည်းအများကြီးရှိတယ်။ ခုက အဲမှာသွားလို့မရတဲ့နေရာတွေများလာတော့ အရမ်းခက်ခဲလာတယ်” လို့ နန်းကင်ကျေးရွာက ဒေသခံတစ်ဦးကပြောပါတယ်။

စစ်တပ်ဗျူဟာကုန်းတည်ဆောက်ဖို့ပြင်ဆင်နေတဲ့ချင်းကုန်းတောင်ဟာ အင်းတော်မြို့ရဲ့ အရှေ့မြောက်ဘက်မှာရှိပြီးတော့ အင်းတော်မြို့ဂေါက်ကွင်းရဲ့ အနောက်ဘက်မှာရှိတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့အထိုင်ချစခန်းပြုလုပ်ထားတဲ့ ကားမိုင်းဗျူဟာကုန်း၊ ဖားကန့်ဗျူဟာကုန်းမှာ နေထိုင်တဲ့ စစ်တပ်ဟာ အများပြည်သူများနေထိုင်တဲ့ ကျေးရွာ၊ ရပ်ကွက်ဘက် လက်နက်ကြီးများ ယမ်းသမ်းပစ်ခတ်တာတွေကြောင့် လက်နက်ကြီးကျည် ထိမှန်သေဆုံးသူများလည်း များစွာရှိလာခဲ့ပါတယ်။

ဒါကြောင့် အင်းတော်မြို့နေပြည်သူတွေလည်း အင်းတော်မြို့နယ်ထဲ ဗျူဟာကုန်းတည်ဆောက်ပြီးပါက စစ်တပ်ရဲ့ လက်နက်ကြီးရန်ကို စိုးရိမ်တယ်လို့ အင်းတော်ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျနော်တို့မြင်နေကြားနေတာဘဲ ဖားကန့်၊ ကားမိုင်းကဗျူဟာကုန်းလို ခု အင်းတော်မြို့နယ်မှာလည်း ဗျူဟာကုန်းဆောက်ပြီးရင်​တော့ သူတို့ကမထင်ရင် မထင်သလို လက်နက်ကြီးနဲ့ပစ်မှာစိုးရိမ်ရတယ်။ ဖြစ်နိုင်ရင်​တော့ မဆောက်စေချင်ဘူး” ဟု အင်းတော်‌ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အင်းတော်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားရာတွင်အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများလည်း ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သို့သော် ဒီကိစ္စနဲ့ပတ်သက်ပြီး KNG သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

အင်းတော်ဒေသခံအမျိုးသမီးတွေကတော့ ချင်းကုန်းတောင်မှာ ဗျူဟာကုန်းတည်ဆောက်မှုအပေါ် အနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ အမျိုးသမီးတွေရဲ့ လုံခြုံကို စိုးရိမ်မှုများစွာရှိနေကြပါတယ်။

အင်းတော်နယ်မှာ လက်ရှိတပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဟာ ခမရ ၃၁၂ ဖြစ်ပြီး ချင်းကုန်းတောင်မှာ တပ်စွဲနေထိုင်မယ့်တပ်ရင်းကတော့ တပ်မ ၈၈ လက်အောက်ခံတပ်များ ဖြစ်နိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်က ပြောပါတယ်။

Show More

Related Articles

Back to top button