အင်တာဗျူး

ဖားကန့်တွင် KIA တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှု ဆက်တိုက်ရှိလာခြင်း (အင်တာဗျူး)

ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ၃၂၀ ကျော်ထိရှိလာပြီဖြစ်သည်။

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယခုနှစ်ဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်သည် ရပ်ကွက် ၊ ကျေးရွာများအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု သံသယရှိသူများအား အစုလိုက်အပြုံလိုက်ဖမ်းဆီးမှု ဆက်တိုက်လုပ်ဆောင်နေပြီး ထိုဖမ်းဆီးခံရသူများတွင် KIA တပ်ဖွဲ့ဝင်များပါ ဆက်တိုက်ပါဝင်လာခဲ့သည်။

အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရသည့်ဖြစ်စဉ်တွင် အရပ်သားပြည်သူ ၃၂၀ ကျော်ထိရှိလာပြီး ပြန်လွှတ်လာသူဦးရေမှာ ၁၆၀ ဝန်းကျင်သာရှိသောကြောင့် အများစုမှာ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်သည်။

အဆိုပါဖမ်းဆီးခံရမှုဖြစ်စဉ်များအနက် မတ်လ ၁၁ ရက်နေ့ ဖားပြင်ကျေးရွာ ရိုးရာယဉ်ကျေးမှုရုံး၌ အစည်းအဝေးကျင်းပနေစဉ် ဖမ်းဆီးခံလိုက်ရသည့်  KIA အရာရှိများအပါအဝင် အရပ်သားပြည်သူ  ၉ ဦး ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး အမည်မဖော်လိုသူ ဒေသခံတစ်ဦးကို ကချင်သတင်းဌာန KNG ကမေးမြန်းထားသည်။

မေး။ လွန်ခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဆရာသိသလောက်ပြောပြပေးပါ။

ဖြေ။ ဘယ်လိုသတင်းပေါက်ကြားသွားလဲ မသိဘူး၊ ဘေးပတ်ဝန်းကျင်မှာလည်း လုံခြုံရေးမယူထားကြဘူးထင်တယ်။ အရပ်ဝတ်နဲ့ ကားနဲ့တစ်ခါတည်းဝင်လာပြီး သေနတ်ဖောက်ပြီး ဝင်ဖမ်းတယ်။ အဲဒီလို ဖြစ်သွားတယ်။ အစတော့ အဲဒီမှာ စုဝေးနေတာက များတယ်ထင်တယ် တစ်ချို့က လွတ်သွားတဲ့သူတွေလည်းရှိတယ် ထင်တယ်။”

မေး။ ဒီနေရာက စစ်တပ်နဲ့နီးသလား။ ခါတိုင်းလည်း ဒီလိုပဲ ဖမ်းခံရတာမျိုးရှိလား။ ဘာကြောင့်ဖမ်းခံရတယ်လို့ မြင်သလဲ။

ဖြေ။ ကျွန်တော်တို့ ဖားကန့်က ရှုပ်ထွေးနေတဲ့အချိန်ဖြစ်နေတယ်လို့ မြင်တယ်။ နှစ်ဖက်စစ်ရေးလှုပ်ရှားတဲ့အခြေအနေတွေ၊ လူတွေလွတ်ထားတာ၊ သတင်းပို့တာမျိုး။ စကစဘက်ကလူတွေ သတင်းပို့လို့ အခုလိုဖြစ်တာ ဟုတ်တယ်။ KIA ဘက်က အများပိုင်း လှုပ်ရှားတဲ့နေရာဖြစ်တယ်။ စစ်တပ်နဲ့လည်း ဝေးတဲ့နေရာဖြစ်တယ်။

မေး။ နောက်ပိုင်း KIA အရာရှိတွေ လှုပ်ရှားတိုင်း ခဏခဏဖမ်းခံရတဲ့အပေါ် ဘာကြောင့် ခဏခဏအခုလိုဖမ်းခံရတာလဲ။ ဘယ်လိုအားနည်းချက်တွေရှိနေလဲဆိုတာ ဆရာ့အမြင်ကို ပြောပြပါ။

ဖြေ။ သူတို့က ပြည်သူတွေနဲ့ ရောပြီးနေတာ အကျင့်ဖြစ်သွားတယ်။ အုပ်ချုပ်ရေးပိုင်းက သူတွေ ရွာထဲသတင်းယူတယ် ရွာထဲမှာ ပြည်သူတွေနဲ့ ရောပြီး နေ့ရောညပါ နေ့တိုင်းသွားလာနေတယ်။ ပြည်သူတွေကိုယုံပြီးတော့ သတိထားသွားလာမျိုးမလုပ်ကြတော့ ဖြစ်လာတာဟုတ်တယ်။ တစ်လောက မော်ဆီဇာ၊ ပေါ်ဦးသောက်ဆိုင်နားမှာ  အမျိုးသား (၂) ယောက်ကိုလည်း ပစ်သတ်လိုက်ကြတယ်။ ဖမ်းပြီး ပစ်သတ်လိုက်တာဟုတ်တယ်။

မေး။ ဖားကန့်ဒေသမှာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုနဲ့ KIA ရဲ့လှုပ်ရှားမှုကြားမှာ ဘယ်လိုအခြေအနေတွေရှိသလဲ။ ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ။ ဒီတစ်လောက နည်းနည်းထူးခြားလာတယ်။ ဆယ်တန်းစာမေးပွဲလည်း ဖြေနေတဲ့အချိန်ဆိုတော့ သူတို့(စကစ) ဘက်က လှုပ်ရှားတာများလာတယ်။ ဒလန်တွေလည်းများလာတယ်။ KIA နဲ့ PDF တွေလည်း ဒလန်ဆိုပြီး သိတာနဲ့ ပစ်သတ်ကြတယ်။ ဒုလဝကဦးစီးမှူးတစ်ယောက်ကိုလည်း ပစ်သတ်လိုက်ကြတယ်။ ဖားပြင်မှာ သတင်းပေးတယ်ဆိုတဲ့သူကိုလည်း ပစ်လိုက်ကြတယ်။ ကျွန်တော်တို့ အဖွဲ့တွေ (KIA) ပေါ်လစီရှိပေမယ့် မလိုက်နာကြဘူး။ ပြည်သူတွေကြားမှာပဲ နေလာကြတော့ သတိထားရမှာ အားနည်းလာကြတယ်။ ပြည်သူတွေကို ယုံကြတယ်။ ဖြစ်လာရင် ပိုက်ဆံပေးလိုက်မယ်ဆိုတဲ့ စိတ်နဲ့ ပြည်သူတွေကြားမှာ ရဲရဲတင်းတင်းနေကြတာကို တွေ့ရတယ်။

 

 

Show More

Related Articles

Back to top button