စစ်ပြေးဒုက္ခသည်များသတင်း

မီးလောင်သွားသော ဂျေယန့်စစ်ရှောင်စခန်းမှ အိမ်ခြေ ၃၆ ခုအတွက် အကူညီလိုအပ်နေ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်နယ်မြေ ဂျေယန့် (Jeyang) စစ်ရှောင်စခန်းမီးလောင်မှုတွင် ပါသွားသော နေအိမ်များအတွက် ပြည်လည်ထူထောင်ရေး ခက်ခဲမှုရှိနေသည်ဟု သိရသည်။

မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ သက်တမ်းရှိသော ဂျေယန့်စစ်ရှောင်စခန်း မီးလောင်မှုကြောင့် နေအိမ် ၃၆ လုံး မီးလောင်ပျက်စီးသွားကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ရှောင်စခန်းမှာ နေလာခဲ့တာ ၁၀နှစ်ကျော်လောက်ရှိလာပြီဆိုတော့ ဘာဘဲဖြစ်ဖြစ် ကိုယ့်အိမ်ကိုယ့်ရာ လိုဖြစ်နေပြီ၊ အိမ်ပစ္စည်းတွေလည်း ပြည့်စုံသလောက်ရှိနေပြီဖြစ်တဲ့ နေရာမှာ အခုလို မထင်မှတ်ထားဘဲဖြစ်လာတာဆိုတော့  ပြန်ပြီး ဖြည့်စွက်နိုင်ဖို့ဆိုတာ လွယ်ကူမှာ မဟုတ်တော့ဘူး၊ ငွေရေးကြေးရေးအတွက် ခက်ခဲမှုတွေလည်း ရှိနေတယ်ဟုပြောသည်။

မီးလောင်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၈၀ ၊ ကလေးငယ် ၂၀ ၀န်းကျင် နှင့် အသက် ၈၀ နှင့် ၉၀ကျော်အရွယ် လူကြီး ၅ ဦးခန့်မှာ မီးဘေးသင့်ခဲ့ပြီး လက်ရှိတွင် အဆိုပါ မိသားစုဝင်များကို စခန်းရှိ မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းတွင် နေရာချပေးထားကြောင်းသိရသည်။

သို့သော်လည်း ၄င်တို့အတွက်နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးခြင်းရှိ မရှိကို မသိရသေးကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဲ့တာနဲ့ ပတ်သက်ပြီးတော့ သေချာမသိရသေးပေမဲ့ မနေ့ညကတော့ စစ်ရှောင်စခန်းကော်မတီကနေ အစည်းအဝေးခေါ်လုပ်ပြီး ဒီနေ့က မီးလောင်သွားတဲ့နေရာမှာ သန်းရှင်းရေးတွေ လုပ်ပြီး တင်ပြသွားကြရအောင်၊ ဒီလိုဘဲ ဦးဆောင် ပြီးဆက်လုပ်သွားကြရအောင်ဆိုပြီး ဆွေးနွေးထားကြတယ်ဟု ပြောသည်။

လက်ရှိတွင် အစားအသောက်နှင့် ယာယီခိုလှုံရန် နေရာရှိသော်လည် ပြန်လည်ထူထောင်‌ရေးအတွက် အကူအညီများ အရေးတကြီးလိုအပ်နေကြောင်း စခန်းတာ၀န်ရှိသူတစ်ဦးက KNG ကိုပြောသည်။

အကုန်လုံးက ကိုယ်လွတ်ရုန်းပြေးထွက်လာရတယ်၊ ဘာတစ်ခုမှ ရလိုက်တာမရှိဘူး မီးထဲအကုန်ပါသွားပြီဆိုတော့ ငွေကြေးလည်း လိုအပ်တယ်၊ အိမ်သုံးပစည်းတွေ ကြောင်အိမ်၊ ဗီရိုတွေကအစပေါ့ အရင်ကလို ပြန်ရဖို့ဆိုတာမလွယ်တော့ဘူး၊ KIOအစိုးရတွေအနေနဲ့ရော၊ လူမှုကူညီရေးအသင်းတွေ၊ အကုန်လုံးပေါ့ ကိုယ်တက်နိုင်တဲ့ဘက်ကနေ ပါ၀င်ပေးကြဖို့ တောင်းဆိုချင်တယ်ဟုဆိုသည်။

ယမန်နေ့ မွန်းလွဲပိုင်း ၃နာရီ ၁၅ မိနစ်အချိန်တွင် ဝိုင်ယာရှော့ ဖြစ်၍ ဂျေယန့် စစ်ရှောင်စခန်း စတင်လောင်ကျွမ်းခဲ့ပြီး ၁၅ မိနစ်အတွင်း နေအိမ် ၃၆ ခုလောင်းသွားခဲ့ခြင်းဖြစ်သည်။

ဂျေယန့် စစ်ရှောင်စခန်းသည် KIO ထိန်း‌ချုပ်နယ်မြေတွင် အကြီးဆုံး စစ်ရှောင်စခန်းဖြစ်ပြီး အိမ်ခြေ ၁၅၀၀ ကျော်ရှိသည်။ မီးလောင်သွားသည့် အပိုင်းသည် ဂျေယာန်စစ်ရှောင်စခန်း၏ အပိုင်း ၆ (B) တွင် ဖြစ်ပြီး အိမ်ခြေ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button