လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်အာဏာသိမ်းကာလ ၂ နှစ်အတွင်း ကချင်တွင် မီးရှို့ခံရသည့် အိမ် ခြေ ၄၀၀ ကျော်အထိရှိပြီး ဖားကန့်မြို့နယ်မှ အများဆုံးပါဝင်

စစ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း ကချင်ပြည်နယ်အတွင်း စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၄၀၀ ကျော်အထိ ရှိလာပြီး အများဆုံးမှာ ဖားကန့်မြို့နယ်ထဲမှ ဖြစ်ကြောင်းသိရသည်။

Data For Myanmar ၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီ မီးရှို့ခဲ့သည့် အိမ်ခြေပေါင်း ၄၁၅ လုံးအထိရှိပြီး ယင်းထဲတွင် ပူတာအိုမြို့နယ်မှ ၅ လုံး၊ ရွှေကူမြို့ နယ်မှ ၄ လုံး၊ မိုးမောက်မြို့နယ်မှ ၃ လုံး၊ မြစ်ကြီးနားမြို့နယ်မှ ၁လုံးနဲ့ ဖားကန့်မြို့နယ်မှ ၄၀၄ အထိ ပါဝင်ကြောင်း Data For Myanmar အဖွဲ့မှ သိရသည်။

ဖားကန့်မြို့နယ်အတွင်းအိမ်ခြေအများဆုံးမီးရှို့ခံရမှုနှင့်ပတ်သက်၍ နွေဦးတော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေသည့် ဖားကန့်မြို့ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ယခုကဲ့သို့သုံးသပ်ပြောဆိုသည်။

ဖားကန့်ကဘာကြောင့်အများဆုံးဖြစ်ရသလဲဆိုတော့ ဖားကန့်က တနိုင်ငံလုံးမှာရှိတဲ့တိုင်းရင်းသားပေါင်းစုံတွေလာပြီးမှ အခြေချစီးပွားရှာတဲ့ စီးပွားရေးနယ်မြေလည်းဖြစ်တယ်။ ပြီးတော့ဒီမှာက အယူအဆနဲ့အဖွဲ့အစည်းအမျိုးမျိုးရှိတော့ ဒီနေရာကို သူတို့ထိန်းချုပ်ဖို့ဆိုတာ ခက်တယ်။ ဒါကြောင့်လက်ရှိဖားကန့်မှာရှိတဲ့သူတို့ရဲ့ရုံးတွေ စစ်တပ်တွေကနေ ထိန်းချုပ်ဖို့ ကြိုးစားရာကနေ အခုလိုမျိုးလုပ်လာတာပဲ ပြည်သူတွေကိုဖမ်းတယ် အိမ်တွေမီးရှို့တယ်အကြောက်တရားရိုက်သွင်းတယ် ဒီဖားကန့်ကအလုံးစုံစီးဆင်တဲ့နေရာဆိုပြီးသူတို့ထင်တော့ပိုပြီးပစ်မှတ်ထားခံရတာပေါ့ဟုသုံးသပ်ပြောဆိုသည်။

နေအိမ်မီးရှို့ခံရမှုတွင်ပါဝင်သည့်ကျေးရွာများမှာ ဖားကန့်မြို့နယ်မှ ဆယ်ဇင်းကျေးရွာ၊ မဒဲ့ယန်ရွာ၊ မှော်ပုံ၊ ပူတာအိုမြို့နယ်မှ ဆွမ်ပီယန်ကျေးရွာ၊ ရွှေကူမြို့နယ်မှ စီးသော်ကျေးရွာနဲ့ သာယာကုန်းကျေးရွာ၊ မိုးမောက်မြို့နယ်မှ ခါနန်နဲ့ လော့ဒန်ကျေးရွာ၊ မြစ်ကြီးနားမြို့နယ်မှ ဒွမ်ဂမ်ကျေးရွာ တို့ဖြစ်သည်။

စစ်ကောင်စီသည် ကချင်ပြည်နယ်အတွင်း အရပ်သားပြည်သူများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးမှုကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်၍ လုပ်ဆောင်လာခြင်းဖြစ်သည်။

အများဆုံးမီးရှို့ခံရသည့်ကျေးရွာမှာ ဆယ်ဇင်းကျေးရွာဖြစ်ပြီး ရွာလုံးကျွတ် မီးရှို့ခံရသည့်အတွက် လက်ရှိအချိန်ထိ ကျေးရွာအတွင်း၌ ပြန်လည်ဝင်ရောက်နေထိုင်သည့် ဆယ်ဇင်းပြည်သူများသည် ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာ တနိုင်ငံလုံးတွင် စစ်အာဏာသိမ်း ၂ နှစ်အတွင်း မီးရှို့ခံရသည့် အရပ်သားပြည်သူ အိမ်ခြေပေါင်း ၆၀၄၅၉ အထိရှိလာပြီး ထိုအထဲတွင် စစ်ကိုင်းတိုင်းထဲမှ နေအိမ်ပေါင်း ၄၇၇၇၈ အိမ်အဖြစ်အများဆုံး မီးရှို့ခံထားရကြောင်း Data For Myanmar မှသိရသည်။

Show More

Related Articles

Back to top button