သတင်း

အင်းတော်-ကသာ လမ်းပိုင်းတွင် စစ်ကောင်စီတပ် ရိက္ခာယာဥ်တန်း ၂ ကြိမ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

ကသာမြို့နယ် မှ အင်းတော်မြို့နယ်သို့ ရိက္ခာပို့ဆောင်သော စစ်ကောင်စီတပ်၏ ယာဥ်တန်း ၂ ကြိမ်တိုက်ခိုက်ခံရသဖြင့် စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း အင်းတော်ကာကွယ်ရေးတပ် မှ ပြောသည်။

စစ်အင်အား ၃၀၀ ဝန်းကျင်ခန့် ပါဝင်သော ရိက္ခာပို့သည့် စစ်ကောင်စီယာဉ်တန်းကို မတ်လ ၂၀ ရက်နေ့ ပထမကြိမ်စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး၊ မတ်လ ၂၁ ရက်နေ့  ရိက္ခာပို့ပြီးအပြန်လမ်း အင်းတော်မှ ပြန်လည်ထွက်ခွာချိန် ကသာလမ်း ကျောက်ခွဲစက်အနီးတွင် ဒုတိယကြိမ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အဲစစ်ယာဉ်က ကသာဘက်ကနေ အင်းတော်ဘက်ကို ရိက္ခာလာပို့တဲ့ ယာဉ်တန်းဟုတ်တယ်။ အဲဒါ စစ်ကြောင်း ကသာကနေလာတဲ့ချိန် တစ်ကြိမ် အင်းတော်မှာ ရိက္ခာပို့ပြီးပြန်ထွက်တဲ့ချိန် ၂ ကြိမ် ကြားဖြတ်ပြီးတိုက်ခိုက်ခဲ့တာ စစ်သား ၁၀ ယောက်သေတယ် မျက်စိရှေ့မှာကိုလှဲကျသွားတာတွေတွေ့တယ်။ ဒဏ်ရာရတာကတော့အများကြီးပဲဟုအင်းတော်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရမှု  ၂ ကြိမ်တွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးသူ ၁၀ ဦးထက်မနည်းရှိပြီး သေဆုံးသည့် စစ်သားများ၏ ရုပ်အလောင်းများအား စစ်ကားဖြင့်သယ်ယူသွားကြောင်း အင်းတော်ကာကွယ်ရေးတပ်က ပြောသည်။

သို့သော် အဆိုပါသေဆုံးမှုအရေအတွက်ကိုတော့ KNG သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

စစ်ကောင်စီတပ် တင်ဆောင်လာသည့် ရိက္ခာများနှင့် စစ်လက်နက်ပစ္စည်းများအား မတ်လ ၂၀ ရက် ညပိုင်း၌ အင်းတော်ဘောလုံးကွင်းတွင် ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။

မတ်လ ၂၀ ရက်နေ့ နှင့် မတ်လ ၂၁ ရက်နေ့ စစ်တပ်နှင့် KIA  PDF ပူးပေါင်းတပ်တို့ကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်နီးပါး ကြာမြင့်ခဲ့ကြောင်း သိရသည်။

အလားတူ လက်ရှိ အင်းတော်မြို့နယ်အတွင်းရှိ နားရခေါင်ကျေးရွာတွင် စစ်သား ၅၀ ကျော်တပ်စွဲနေပြီး အင်းတော်– ဗန်းမောက်ကြားရှိ နန့်သာကျေးရွာတွင်လည်း ကတုတ်ကျင်းများတူးကာ အင်အား ၅၀ ကျော်ဖြင့် တပ်စွဲနေထိုင်ကြောင်း သိရသည်။

ခုစစ်တပ်က နေရာတိုင်းလိုလို ကင်းပုန်းချတာ လုပ်နေတယ်။ ပြီးတော့ ရိက္ခာတစ်ခါလာပို့ရင်လည်း အင်အားတော်တော် သုံးလာတယ်။ သူတို့ဒီဘက်ကို တပ်စခန်းထပ်တိုးဖို့လုပ်နေလို့ ဟုတ်တယ်ဟုပြောသည်။

ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းအစပ် အင်းတော်မြို့နယ်တွင် စစ်ကောင်စီက အင်အားအများအပြားသုံးကာ စစ်ရေးလှုပ်ရှားမှု ပုံမှန်ရှိနေသောကြောင့် တိုက်ပွဲလည်း ပုံမှန် ဖြစ်ပွားနေသည်။

အင်းတော်မြို့နယ်သည် စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်ဖြစ်ပြီး စစ်ကောင်စီတပ်အနေဖြင့် စစ်အင်အား၊ လက်နက် ရိက္ခာများအပြင် အင်းတော်မြို့ပြင် ၂မိုင်ခန့်အကွာတွင်ရှိသည့် ချင်းကုန်းတောင်တွင်လည်း ဗျူဟာမြောက်စခန်းတစ်ခု တည်ဆောက်ရန် ပြင်ဆင်နေချိန်လည်း ဖြစ်သည်။

Show More

Related Articles

Back to top button