သတင်း

ဖတ်မာကျေးရွာ လူနေအိမ်များတွင် စစ်သားများတပ်စွဲနေ၊ ခရီးသွားကားများကိုလည်း စစ်ဆေး

ပူတာအိုမြို့နယ် ဖတ်မာကျေးရွာ (Hpak Ma Mare) တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည်  ကျေးရွာအတွင်း လူနေအိမ်များ နှင့် ခရီးသွားပြည်သူများကို စစ်ဆေးရေး တင်းကြပ်နေကြောင်း သိရသည်။

မူလာရှီးဒီ အခြေစိုက် ခလရ ၁၃၈၊ မချမ်းဘောအခြေစိုက် ခလရ ၁၃၇ တပ်ရင်းမှအင်အား ၁၀၀ နီးပါးရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် လွန်ခဲ့သည့် ၅ ရက်ခန့် ကတည်းက ဖတ်မာ (Hpakma) ကျေးရွာအတွင်းသို့ ရောက်လာပြီး လူနေအိမ်များတွင် တပ်စွဲနေသည့်အပြင် ခရီးသွားကားများကိုလည်း ရပ်တန့်စစ်ဆေးမှု ပြုလုပ်နေကြောင်း ဖတ်မာကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောသည်။

စစ်သားတွေက ရွာထဲမှာရောက်နေတာ ဖတ်မာရွာဟိုဖက်ကမ်းမှာကော ဒီဘက်ကမ်းမှာကော ရွာအထဲမှာပဲသူတို့က ဂိတ်လိုမျိုးထိုင်နေတာ ဦးလေးတို့အိမ်အနီးမှာပဲ ခရီးသွားကားတွေကိုလည်း တစ်ရက်တစ်ရက်စစ်နေတာ။ ရွာထဲကလူ တွေလည်းစိတ်ပူပြီးနေကြတယ်ဟုပြောသည်။

ယင်းစစ်ကြောင်းသည် ဖတ်မာရွာထဲတွင် တပ်စွဲမနေထိုင်မှီက ဖတ်မာကျေးရွာအနီးတောထဲတွင် တပ်စွဲပြီး စစ်ရေးလှုပ်ရှားမှုများရှိခဲ့ရာ ကျေးရွာတွင်းတပ်စွဲနေထိုင်လာသည်မှာ ၅ရက်ခန့်ရှိပြီဟု သိရသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း စစ်အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကြောင်းတစ်ကြောင်းသည် ပူတာအိုမြို့တွင်းဘက်သို့ စစ်ကြောင်းထိုး ချီတက်လာနေကြောင်း ယနေ့ မြစ်ကြီးနားသို့ဆင်းလာသည့် ခရီးသွားအမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

တစ်လမ်းလုံးစိမ်းနေတာပဲ လုံရှာယန်ကိုတော့ကျော်ခဲ့ပြီ အများကြီးပဲခြေလျှင်တက်လာကြတယ်။ ပူတာအိုဘက်ကိုသွားနေတာ။ ၁၀၀ ကျော်လောက်တော့ရှိမှာ စစ်သားတွေကဟုပြောသည်။

ယခုရက်ပိုင်း ပူတာအိုမြစ်ကြီးနားလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် KIA  PDF တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှုများရှိနေပြီး ဖက်မာရွာ၊ လုံရှာယန်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများတွင် စစ်ကောင်စီစစ်သားများ စစ်ကြောင်းခွဲ၍ စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်း သိရသည်။

Show More

Related Articles

Back to top button