သတင်း

အခွန်ကောက်ခံသည့်ဂိတ် များလာသောကြောင့် ဆော့လော်ဒေသခံများ အစားအသောက် အခက်ကြုံ

ကချင်ပြည်နယ် အရှေ့မြောက်ဘက်ခြမ်း ဆော့လော်မြို့နယ်သို့ ကုန်ပစ္စည်းတင်ပို့ရာတွင် အခွန်ကောက်ခံသည့် ဂိတ်ပိုမိုများလာသောကြောင့် ဆော့လော်မြို့တွင် ကုန်စျေးနှုန်းမြင့်တက်လာသည့် အခက်အခဲကို ဒေသခံများ ရင်ဆိုင်နေရကြောင်း သိရသည်။

မြစ်ကြီးနားမြို့ မှ ဆော့လော်မြို့နယ်သို့သွားရာ လမ်းတစ်လျှောက် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ စစ်ကောင်စီထိန်းချုပ်ရာ ဂိတ်များတွင် ဓာတ်ဆီ နဂါးပုံးတစ်ပုံးကို ၅ ထောင်ကျပ်၊ ဆန်တစ်အိတ်ကို ၃ ထောင် ကျပ်၊ ခရီးသည်တစ်ဦးလျှင် ၁သောင်းကျပ် ပေးဆောင်ရကြောင်း အမည်မဖော်လိုသူ ကားသမားတစ်ဦးက ဆိုသည်။

ကုန်တင်တာဆိုတော့ နည်းနည်းလေးက သယ်လို့မရ ကျနော်တို့အတွက်လည်းမကိုက်ဘူး ကျနော်တို့ခက်တော့ ဒေသခံတွေက ခက်ခဲ အခုဆို သိန်း ၂၀ လောက်ရင်းနိုင်မှ တောင်ပေါ်ကိုတက်လို့ ရတာမျိုးဖြစ်နေပြီ။ အဓိကတော့ ဂိတ်ကြေးပဲ ကားသမားကို ကြိုက်သလောက်ကောက် ကျနော်တို့က‌ စျေးတင်ပြီး ရောင်းလို့ရတယ် တကယ်ခံရတာက ဒေသခံတွေပဲဟုအမည်မဖော်လိုသူ ကားသမားတစ်ဦးက ဆိုသည်။

ငွေကြေးပေးဆောင်ရာတွင် မြစ်ကြီးနားမြို့ အထွက် ဗလမင်းထင်တံတား စုပေါင်းဂိတ်မှစတင်ကာ ကုန်ပစ္စည်းများပေါ် မူတည်၍ အခွန်များပေးဆောင်ရပြီး မြစ်ကြီးနားမြို့မှ ဆော့လော်မြို့နယ်အထိ ဂိတ်ပေါင်း ၂၀ ကျော်ခန့်ရှိသည်ဟု ချီဖွေ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါဂိတ်များမှာ မြစ်ကြီးနား စုပေါင်းဂိတ်၊ ဝါးရှောင်၊ မန်ဝိန်း၊ မန်ဒေါင်၊ ရှငှော်၊ ၅၉မိုင်၊ ရှမ်းကျော် စသည့်နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ဂိတ်စခန်း ၁၀ ခု ထက်မနည်းရှိကာ တံတားရှိသည့်နေရာများတွင်လည်း ဂိတ်ကြေးကောက်ခံလျက်ရှိကြောင်း သိရသည်။ ချီဖွေ မှ ဆော့လော်မြို့နယ်အထိဂိတ်များတွင် ၄ မိုင် ၂ ဂိတ်၊ စုစည်း စစ်ကောင်စီဂိတ်၊ မက်လင်ကော်၊ မလုံတုံနှင့် အခြားသော စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဂိတ်စခန်းများ ၁၀ ခု ထက်မနည်းရှိသည်ဟု အမည်မဖော်လိုသူ ချီဖွေဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ဂိတ်များတွင် ကတ်ခြံပါသော မည်သည့်လိုင်ကားကို မဆို တားစစ်ဆေးကာ ငွေကြေးကောက်ခံနေပြီး ရံဖန်ရံခါတွင် အိမ်စီးကားများကိုပါ ကုန်ပစ္စည်းသယ်ဆောင်လာပါက ဂိတ်ကြေးပေးဆောင်နေရသည်ဟု သူက ဆက်ပြောသည်။

ထို့အပြင် မြစ်ကြီးနားမြို့မှ ဆော့လော်မြို့နယ်သို့ ကုန်ပစ္စည်းတင်ပို့ရာတွင် ဂိတ်ကြေးပေးဆောင်နေရသောကြောင့် ဆော့လော်မြို့နယ်မှ ဒေသခံများ အစားအသောက်အခက်အခဲ၊ စက်သုံးဆီအခက်အခဲများ ကြုံတွေ့နေရသည်ကို ဆော့လော် ဒေသခံများနှင့် နီးစပ်သူတစ်ဦးက ယခုလိုပြောပြသည်။

ဓာတ်ဆီ ၁ လီတာကျော်ကျော်လောက်တစ်ဗူးကို ၉၀၀၀ လောက်ပေးနေရတယ်။ ဆန်ဆိုလည်း ငွေတိုးတစ်အိတ်ကို တစ်သိန်းကျော်ပေးရတယ်။ ကြက်ဥတစ်ဖာကို တစ်သိန်း ၃ သောင်းလောက်ရှိတယ်။ တစ်ချို့ဆို ပြောင်းဖူး၊ ပီလောပီနံ၊ ပိန်းဥတို့နဲ့ပဲ ရောစားတော့မယ်ဆိုပြီးတောင် ကြားနေရတယ်ဟုဆိုသည်။

ဆော့လော်မြို့နယ်သည် ကိုဗစ်၁၉ ရောဂါ မတိုင်ခင်နှစ်များတွင် ဆန်နှင့် ကုန်ပစ္စည်းများကို တရုတ်ပြည်ဘက်မှ အဓိက ဝယ်ယူစားသုံးခဲ့ကြပြီး နောက်ပိုင်းတွင် ကိုဗစ်ရောဂါကြောင့် မြစ်ကြီးနားမြို့နယ်ဘက်မှ ပြန်လည်တင်သွင်းနေရခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့စစ်ဂိတ်၊ နယ်ခြားစောင့်တပ်ဂိတ်၊ စစ်ကောင်စီ ထိန်းချုပ်ရာဂိတ်အသီးသီးကို ဂိတ်ကြေးပေးဆောင်ရသောကြောင့် အစားအသောက်အခက်အခဲကို ပိုမိုကြုံတွေ့လာရခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် ကားသမားများက ဆိုသည်။

Show More

Related Articles

Back to top button