သတင်း

ဖားကန့် တွင် ဒုရဲအုပ်တစ်ဦးနှင့် PDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာတွင် မတ်လ ၂၆ ရက်နေ့  ညနေ ၄ နာရီဝန်းကျင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ဒုရဲအုပ်တစ်ဦးသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အဖွဲ့ဝင်တစ်ဦး သေဆုံးမှုရှိခဲ့ကြောင်းသိရသည်။

ဆိုင်းတောင်ရပ်ကွက် ၄ ဘဇံချောင်းအနီးတွင် အိမ်စီးကားတစ်စီးဖြင့် မောင်းနင်းလာသည့် ဒုရဲအုပ်တစ်ဦးအား ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သွားရောက်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ နှစ်ဖက်တပ် သေဆုံးမှုရှိခဲ့သည်ဟု ဖားကန့်ဒေသခံတစ်ဦးက KNG ကိုပြောသည်။

ရဲကအရပ်ဝတ်နဲ့အိမ်စီးကားနဲ့လာတာဆိုပြီး သတင်းရတော့ PDF ကလည်း တစ်ယောက်ထဲ ကားနဲ့သွားပြီးပစ်တာ အဲ့မှာ သွားပစ်တဲ့တစ်ယောက်က ဟိုဘက်က ပစ်သတ်တာခံလိုက်ရတယ်။ အဲ့မှာ အနောက်ကနေတခြားကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထပ်လိုက်လာပြီးမှပဲ ဒုရဲအုပ်ကိုရှင်းပစ်လိုက်တာ အဲ့မှာပွဲချင်းပြီးပဲဟုပြောသည်။

ပစ်သတ်ခံလိုက်ရသည့် ဒုရဲအုပ်သည် ညီညီထက်အောင်ခေါ်သူဖြစ်ပြီး ဆိုင်းတောင်(ဆိပ်မူ)ရဲစခန်းတွင် တာဝန်ထမ်းဆောင်သူဖြစ်သည်ဟုသိရသည်။

အဆိုပါ ပစ်ခတ်မှုတွင် သေဆုံးသွားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်မှ ရဲဘော်၏ အမည်နာမကို လုံခြုံရေအရ ဖော်ပြခွင့်မပြုဘဲ ဒုရဲအုပ်ကို သွားပစ်ခတ်စဉ် စီးနင်းသွားသည့် ကားကို စစ်ကောင်စီတပ်မှ သိမ်းယူသွား ကြောင်းသိရသည်။

ဖားကန့်မြို့နယ်တွင် ယခုကဲ့သို့ စစ်ကောင်စီ ရဲဝန်းထမ်းများ ပစ်ခတ်ခံရမှု မကြာခဏဖြစ်ပွားလျက်ရှိနေပြီး ယခုနှစ် ၂၀၂၃ ခုနှစ်တွင် ပထမဆုံးအကြိမ် ပစ်ခတ်ခံရမှုဖြစ်သည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဖားကန့်မရှီကထောင် ရပ်ကွက်တွင် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရမှုတစ်ကြိမ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် ဆိုင်းတောင် ရဲတပ်ရင်း ၃၀ မှ ဒုရဲမှူး ကိုကိုလွင် ပစ်သတ်ခံရမှုရှိခဲ့သည်။

Show More

Related Articles

Back to top button