တိုက်ပွဲလူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ရွှေကူနယ်တွင် စစ်ရေးတင်းလျက်ရှိပြီး ကျေးရွာ ၈ ခုပြည်သူများ တိမ်းရှောင်နေရဆဲဟုဆို

ကချင်ပြည်နယ် ရွှေကူမြို့၏ အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ကျေးရွာ ၈ ခုမှ ဒေသခံပြည်သူများ ထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

မတ်လ ၂၃ ရက်နေ့မှ စတင်ကာ စစ်အင်အား ၂၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် မံဝန်းနှင့် နောင်လတ်ကြီး ကျေးရွာဘက်တွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် တိုက်ပွဲ ၃ ကြိမ်ထက်နည်းဖြစ်ပွားခဲ့ပြီး လက်ရှိအချိန် စစ်ရေးတင်းမာလျက်ရှိနေသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သော အနီးတဝိုက်ရှိ ကျေးရွာနေပြည်သူများ တိမ်းရှောင်နေရဆဲဖြစ်သည်ဟု ရွှေကူဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

စစ်သားတွေ ရွာထဲမှာ စဝင်လာတဲ့နေ့ကနေ တိုက်ပွဲတွေဖြစ်ကြတယ်။ အဲ့နေ့ကတည်းက ကြောက်လို့ထွက်ပြေးနေကြတာ အခုထိရှောင်နေရတုန်း။  အခုလည်းစစ်ရေးတင်းမာနေတော့ တိုက်ပွဲက အချိန်မရွေးပြန်ဖြစ်လာနိုင်တယ်။ စစ်ကောင်စီက တပ်မဆုတ်ဘူးဆိုရင် ပိုတောင်ဆိုးလာနိုင်တယ်။ အဲ့ကြောင့် ဒေသခံပြည်တွေက ဘေးလွတ်တဲ့နေရာမှာ တိမ်းရှောင်နေကြတုန်းရှိသေးတယ်ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများသည် စီမူလေးအပါအဝင် မံဝိန်း၊ နောင်လတ်ကြီး၊ ငှက်တံတား၊ စီသာ၊ စီသော်၊ နန့်လန်နှင့် ဝင်ဝ စသည့် ကျေးရွာများမှ အိမ်ခြေ ၂၀၀ နှင့် လူဦးရေ တစ်ထောင်ကျော်က တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆက်သိရသည်။

လက်ရှိ KIA   PDF ပူးပေါင်တပ်တို့နှင့် တိုက်ပွဲဖြစ်ပွားနေသော စစ်ကောင်စီတပ်ဖွဲ့သည် တပ်မ ၇၇၊ တပ်မ ၁၀ ပူးပေါင်းတပ်တို့ဖြစ်ကြပြီး  စစ်ကြောင်း ၃ ခုဖြင့်  စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် မတ်လ ၂၃ ရက်နေ့  ၇နာရီဝန်းကျင်အချိန် ငှက်တံတား အနီးတွင် တစ်ကြိမ်၊ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်း ၆ နာရီအချိန် နောင်လတ်ကြီးကျေးရွာအဝင် တွင်တစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဒုတိယနေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်း ထိခိုက်သေဆုံးမှုများရှိသဖြင့် မတ်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲဖြစ်ပွားခဲ့သည့် စီသောင်း၊ မံဝိန်းနှင့် စီမူလေးကျေးရွာများရှိသည့်ဘက် ဂျက်လေယာဉ် ၂စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်မှုရှိခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့၏ ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် လူနေအိမ်ကျေးရွာများ ထိခိုက်ပျက်စီးမှုများရှိခဲ့သည့်အပြင် အိမ်မွေးတိရိစ္ဆာန် နွားများ ဗုံးစမှန်သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများပြောသည်။

မတ်လ ၂၅ ရက်နေ့ တစ်ရက်တည်းအတွင်း လေကြောင်း အပြင် စီမူလေးကျေးရွာတွင်ရှိနေသော KIA နှင့် PDF အဖွဲ့ကို တန်ပြန်သွားရောက်ခိုက်ခဲ့ကြောင်း KIA နှင့်နီးစပ်သူ ဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။

စစ်သားတွေက စီမူလေးထဲမှာရှိနေတာကို သွားပစ်တာထင်တယ် မနေ့က ၃နာရီလောက်ကနေစပြီး ပစ်ကြတာ ည ၆နာရီထိကြာတယ်။ တိုက်ပွဲကတော့အတော်လေးပြင်းထန်ခဲ့တယ်လို့ပြောလို့ရတယ် ကာကွယ်ရေးတပ်ဘက်က ၂ယောက်တော့ဒဏ်ရာရသွားတယ်။ စစ်သားတွေဘက်ကတော့သေဆုံးတာ ဘယ်လောက်ရှိတယ်တော့မသိရဘူး။ ကျနော်တို့ကိုယ်တိုင်က ရွာထဲကိုလည်းကပ်လို့မရဘူးလေဟုပြောဆိုသည်။

ရွှေကူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသော နေရာများနှင့် ဝေးကွားသည့်နေရာတွင် ရွှေ့ပြောင်းနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF မှ ယနေ့ မတ်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် သတိပေး ထုတ်ပြန်ကြေညာသည်ကိုတွေ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ရွှေကူမြို့နယ်အတွင်း ရေကြောင်းလမ်းနှင့် ကုန်းကြောင်းလမ်းများဖြင့် စစ်ရေးလှုပ်ရှားမှုများ ပုံမှန်ရှိနေသည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိသည်။

Show More

Related Articles

Back to top button