တိုက်ပွဲသတင်း

ပူတာအိုမြို့အနီး စစ်ကောင်စီတပ်နှင့် KIA တပ်တို့ကြား စစ်ရေးတင်းမာနေဆဲ

ပူတာအို ၊ ဖတ်မာကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့သည် ၂ ပတ်ကျော်ကြာ တပ်စွဲနေထိုင်သောကြောင့် တိုက်ပွဲဖြစ်ပွားလာမည် စိုးရိမ်သော ဒေသခံများသည် ကတုတ်ကျင်းများ တူးထားကြောင်းသိရသည်။

စစ်ကောင်စီ စစ်ကြောင်း အင်အား ၁၀၀ ခန့် ဖတ်မာကျေးရွာ စာသင်ကျောင်းနှင့် ရွာဘေးပတ်ဝန်းကျင်တွင် ဆက်လက် တပ်စွဲရှိနေသေးသည့်အတွက် ဒေသခံများ လယ်ယာ၊ အခင်း လုပ်ငန်းအသွားအလာ ခက်ခဲမှုရှိနေကြောင်းနှင့် တိုက်ပွဲဖြစ်ပွားလာမည် စိုးရိမ်သဖြင့် အိမ်တိုင်း ကတုတ်ကျင်းများ တူးထားကြောင်း ဖတ်မာဒေသခံတစ်ဦး KNG ကို ပြောသည်။

သူတို့ရှိနေတော့ ကျနော်တို့ စိုးရိမ်ရတယ်။ ကျနော်တို့ ရွာသားတွေ အားလုံးနီးပါးက တောင်ယာ လုပ်ကိုင်စားသောက်တယ်။ လယ်လုပ်တယ်။ အဲ့ဆိုတော့ လုပ်ငန်းသွား အခင်းသွားတဲ့အခါ စစ်သားတွေရှိနေတော့ စိုးရိမ်ရတယ်။ပြီးရင် သူတို့က ရွာပြင်ကို လက်နက်ကြီးနဲ့ ကောက်ထုနေတာဆိုတော့ရွာသားတွေအတွက် အဆင်မပြေနေဘူး။ အခုက တရွာလုံးအိမ်တိုင်းက ကတုတ်ကျင်းတွေတူးထားရတယ်။ အကာအကွယ်လည်း လုပ်ထားရတယ်လေ။ မနှစ်တုန်းက အဲ့လိုမလုပ်လို့ အရမ်း ဒုက္ခရောက်တယ်။ဟုဖတ်မာကျေးရွာဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

မတ်လ ၂၁ ရက်နေ့ မှစပြီး စစ်ကောင်စီ စစ်ကြောင်း ဖတ်မာရွာထဲသို့ စတင်ဝင်ရောက်လာကာ လက်နက်ကြီးများ ပစ်ဖောက်ခဲ့ပြီး ကျေးရွာအတွင်း ပြည်သူအိမ်များ၌ ဝင်ရောက်တပ်စွဲနေထိုင်ကာ လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေးမှု တင်းကြပ်ခဲ့ကြောင်း သိရသည်။

ကျေးရွာ လူနေအိမ်များ၌ တပ်စွဲခြင်း မရှိသော်လည်း ရွာပတ်ဝန်းကျင်တွင် တပ်စွဲနေရာယူထားပြီး ဆက်လက်လှုပ်ရှားနေသလို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ဘက်မှလည်း စောင့်ကြည့်အခြေအနေဖြစ်နေသောကြောင့် ၎င်းဒေသ တိုက်ပွဲပြန်လည် ဖြစ်ပွားလာမည်စိုးရိမ်ကြောင်း လုံရှာယန်ဒေသခံတစ်ဦး ယခုလိုဆက်ပြောသည်။

သူတို့ စစ်ကြောင်းတွေ တစ်ဖွဲ့ တနေရာစီ နေရာယူပြီး ရှိနေတာပေါ့။ အစပိုင်းတော့ လမ်းသွားလမ်းလာ အားလုံးကို စစ်ဆေးတယ်။ ဖုန်းတွေစစ်တယ်။ အခုတော့ လမ်းတွေမှာမရှိတော့ဘူး။ တောထဲမှာတွေ၊  စာသင်ကျောင်းထဲမှတွေ တပ်စွဲနေတာပေါ့။ရွာသားတွေအားလုံးက သတိနဲ့နေနေကြတယ်။ ဒီတလောတော့ နည်းနည်းငြိမ်နေပေမဲ့ စစ်ရေးလှုပ်ရှားနေတာတော့ ပုံမှန်ဖြစ်နေတယ်။ မနှစ်က ဒီအချိန်ပဲလေ တိုက်ပွဲပြင်းထန်လို့ ပြေးရတာဆိုတော့ အခုလည်း ဘယ်အချိန်များဘယ်လိုဖြစ်လာမလဲ သတိနဲ့နေနေကြတယ်ဟု၎င်းကပြောသည်။

လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် ယခုလိုအချိန်တွင် ပူတာအို လုံရှာယန်၊ ဆွမ်ပီယန်၊ တန်ဂျာယန်၊ ဖတ်မာ စသည့် ကျေးရွာလမ်းပိုင်းတလျှောက် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA  PDF ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သောကြောင့် ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

Show More

Related Articles

Back to top button