သတင်း

ရှရော်ခကျေးရွာရှိ ရွှေ့ပြောင်းပြည်သူများကို ထပ်မံရွှေ့ပြောင်းစေရန်အတွက် ခြံစည်းရိုးကာရန်ခြင်းများ လုပ်ဆောင်နေ

ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာရှိ ရွှေ့ပြောင်းပြည်သူများ နေထိုင်သော တဲအိမ်များအား ရွှေ့ပြောင်းပေးစေရန်အတွက် ခြံစည်းရိုး (ဝါးထရံ) ကာခြင်း၊ အဆောက်အဦး ဆောက်လုပ်ရန်အတွက် သစ်များ လာရောက်စုပုံ နေရာချထားကြသည်ဟု ထိုနေရာတွင် နေထိုင်သူများကပြောသည်။

အခု ဘယ်သူတွေက ဒီကိစ္စတွေ လာလုပ်ခိုင်းလဲ မေးရင် မသိဘူးပဲဖြေတယ်၊ သစ်ကားတွေကတော့ နေ့တိုင်း လာချနေကြတာဟုအမည်မဖော်လိုသူတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

အဆိုပါ နေရာအား ကျောက်စိမ်းတူးဖော်ရန်အတွက်ဟုဆိုကာ ရွှေ့ပြောင်းနေထိုင်သူများအား ယခုနှစ် မတ်လအတွင်းက ဖိအားပေး ရွှေ့ပြောင်းစေခိုင်းမှုများရှိခဲ့ကြောင်း သိရသည်။

ရွှေ့ပြောင်းနေထိုင်သူများအား ပြန်လည်ရွှေ့ပြောင်းခိုင်းစေသောနေရာသည် အန္တရာယ်ရှိသည့် သဘာဝမျှောချောင်းနေရာ ဖြစ်သောကြောင့် နေထိုင်ရန် အဆင်မပြေကြောင်း ၎င်းနေအိမ်တဲပိုင်ရှင်များက ပြောသည်။

ကျွန်တော်တို့က ဒုက္ခရောက်လို့မှ ဖားကန့်ကို ရောက်လာခဲ့တာပါ၊ ရွှေ့ပေးဆိုလည်း ရွှေ့ပြောင်းပေးမှာပါ၊ ဒါပေမဲ့ အန္တရယ်ကင်းတဲ့ နေရာလေးတော့ ဖြစ်စေချင်တာပေါ့၊ အခုပြန်ပေးတဲ့နေရာက မိုးရွာရင် အကုန်လုံး ဒုက္ခရောက်မဲ့ နေရာမို့ပါဟု မကွေးတိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေ၍ ရွှေ့ပြောင်းလာသူ ကိုနိုင်(အမည်လွှဲ) က လက်ရှိကြုံတွေ့နေရသည့် အခြေအနေကို ပြောပြသည်။

ယင်းအခြေအနေများနှင့်ပတ်သတ်၍ ရှရော်ခကျေးရွာတာဝန်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါနေရာရှိ လူများအားလုံးသည် ၎င်းနေရာတွင် ယာယီနေထိုင်ခြင်းသာဖြစ်ပြီး ပြောင်းရွှေ့ပေးရန်အတွက် လက်မှတ်ရေးထိုးထားကြောင်း ပြန်လည်ဖြေကြားသည်။

စနေ ကတည်းက ရွှေ့ပြောင်းပေးပါမယ်ဆိုတဲ့ ကတိလက်မှတ်ရေးထိုးထားခဲ့ကြပါတယ်။ လုပ်ငန်းစီမံချက်တွေရှိလာရင် ရွှေ့ပေးပါ့မယ်ဆိုတဲ့ ကတိလက်မှတ်ထိုးထားကြပါတယ်ဟု ရှရော်ခကျေးရွာ၏ ရပ်ဖိရပ်ဖတစ်ဦးက ပြောသည်။

ယင်းနေရာတွင် နေထိုင်၍ မရပါကလည်း တခြားအန္တရာယ်နည်းပါးသည့် နေရာတွင် ရွှေ့ပြောင်းနေထိုင်၍ ရစေရန်အတွက် ဒေသတွင်း ရိုးရာ၊ စာပေရုံးများ၊ ဒေသန္တရ အုပ်ချုပ်ရေးရုံးများသို့ သွားရောက်အကူအညီ တင်ပြတောင်းခံသော်လည်း ထိရောက်စွာ ကူညီပံ့ပိုးမှု မရှိကြောင်း ရွှေ့ပြောင်းနေထိုင်သူများက ပြောသည်။

အဆိုပါနေရာတွင် ရွှေ့ပြောင်းတဲအိမ် ရှစ်ဆယ်နီးပါးခန့်ရှိနေပြီး ၎င်းတို့အားလုံးသည် စစ်ကိုင်း၊ မကွေးတိုင်းမှ အများစု ပါဝင်ကြောင်း အသက် ၆ နှစ်အရွယ် ကလေးငယ်မှစ၍ သက်ကြီးရွယ်အိုများအထိ ပါဝင်နေပြီး လူဦးရေ နှစ်ရာကျော်ရှိကြောင်း သိရသည်။

ရှရော်ခကျေးရွာသည် ဖားကန့်မြို့၊ အေးမြသာယာကျေးရွာအုပ်စုတွင်တည်ရှိသည့် ကျေးရွာကြီးဖြစ်ပြီး လူဦးရေ ၄၀၀၀ နီးပါး နေထိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button