သတင်း

ဆရာတော် ခလမ်ဆမ်ဆွန် ပုဒ်မ ၃ ခုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဟောင်း သိက္ခာတော်ရ ဆရာတော် ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက တရားစွဲဆိုထားသည့် ပုဒ်မ ၃ ခုအတွက် ယနေ့ နံနက်ပိုင်း မြစ်ကြီးနားမြို့ အကျဉ်းထောင်တရားရုံမှ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁)အတွက် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(က) ထောင်ဒဏ် ၁ နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေး ၅၂ (က) အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ၆ နှစ် အထိချမှတ်လိုက်သည်ဟု အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် ရှေ့နေတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။

“အမှု ၃ ခုအတွက် ဒီကနေ့ အပြီးသတ် အမိန့်ချမှတ်လိုက်တာဖြစ်တယ်။ ကျခံရမယ့် ထောင်ဒဏ်က ၆ နှစ်ဖြစ်တယ်။ ဒါပေမယ့် ကျမတို့မှာ အယူခံပြန်ဝင်ခွင့်ရှိတယ်။ အဲ့ကြောင့် ထပ်မံပြီးတော့ အယူခံအဆင့်ဆင့် ပြန်ဝင်သွားဖို့ရှိတယ်” ဟု ပြောသည်။

ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်သော်လည်း ဆက်လက်အယူခံဝင်သွားမည်ဟု သူက ဆက်ဆိုသည်။

ဆရာတော် ခလမ်ဆမ်ဆွန်ကို KIO/KIA ထိပ်ပိုင်းခေါင်းအဖွဲ့ နှင့် တွေ့ဆုံရှိခဲ့ဆိုသော စွပ်စွဲချက်၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တွေ့ဆုံခဲ့သည်ဆိုသောအချက် အပြင် လူငယ်ဆွေးနွေးပွဲတစ်ခုတွင် နိုင်ငံတော် အကြည်အညိုပျက်စေသည့် အသုံးအနှုန်းများ ပြောဆိုခဲ့သည်ဆိုသော အချက်များဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ မှ ဗိုလ်မှူးသူအောင်ဇော် မှ တရားလိုပြုလုပ်ကာ ပုဒ်မ ၃ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဆရာတော် ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ သွားရန် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရှိနေစဉ် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၄ လအကြာတွင် ယခုလို ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button