မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ပူတာအိုမြို့တွင်း ရွှေတူးဖော်နေမှုကို ရပ်တန့်ပေးရန် ဒေသခံများ တောင်းဆို

ပူတာအိုမြို့တွင်း ဌာနဆိုင်ရာရုံးအနီးတွင် စီးဆင်းနေသော မဂျော့ဝေါ့ချောင်းတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုကို ထိရောက်စွာ အရေးယူပေးရန် ဒေသခံများ တောင်းဆိုနေကြသည်။

ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် အနီးနားရှိ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများထိခိုက်လာမည်ကို စိုးရိမ်သဖြင့် ယခုလို တောင်းဆိုခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။

စက်ယန္တရား ဘတ်ဟိုး ၃ ခု ၄ ခု ၊ ကုတ်ဖျောတွေနဲ့ လုပ်ကြတာ၊ အခုလိုနွေရာသီ ရေရှားပါးတဲ့ အချိန်ဆိုရင် ဒေသခံအတွက် အရမ်းကို အကျိုးပြုတဲ့ ချောင်းဖြစ်တယ်၊ အကုန်လုံးအတွက် ဒီရေက မရှိမဖြစ်ဟုတ်တယ်၊ အခုလိုမျိုးတွေ လုပ်လိုက်တော့ ချောင်းကရေတွေ အရမ်းညစ်ပတ်လာတယ်၊ ပြီးတော့ မြို့တွင်းကြီးမှာ၊ အဲ့တာကြောင့် သက်ဆိုင်ရာက အဖွဲ့အစည်းတွေဘက်ကနေ ရပ်တန့်ခိုင်းဖို့ ဒေသခံတွေ အရမ်းလိုလားနေကြတယ်ဟုပြောသည်။

အထက်ပါ ရွှေတူးဖော်နေသော နေရာသည် မြို့လယ် ဌာနဆိုင်ရာခရိုင်ရုံးနှင့် ၄ ဖာလုံသာ ကွာဝေးသည်။ ချောင်းကို အဓိက အသုံးပြုသော ကျေးရွာများမှာ မဂျော့ဝေါ့ ကျေးရွာ၊ မြို့မ၊ ကောင်ကထောင်၊ ဟိုခို၊ အောက်ချိုင့်၊ ပန်းလှိုင်၊ မုံဒုံကျေးရွာ များဖြစ်ကြောင်း သိရသည်။

ဌာနဆိုင်ရာရုံးအနီး လူမြင်ကွင်းတွင် စီးဆင်းနေသည့် ချောင်းတွင် ရွှေတူးဖော်နေသော လုပ်ရပ်အပေါ် ဒေသခံတစ်ဦးက ယခုလို သုံးသပ်ပြောဆိုသည်။

သူတို့တွေက သက်ဆိုင်ရာ အာဏာပိုင်အစိုးရ တွေနဲ့ ပေါင်းပြီး ပေးစရာရှိတာပေး အဲ့လိုတွေ လုပ်နေကြတဲ့ အခြေအနေတွေရှိတယ်၊ တစ်ချို့ဒေသခံတွေလည်းပါတယ် သူတို့က တစ်လုံးထိုး နှစ်လုံးထိုး လုပ်ကြတာ၊ ကျန်တာတွေက မြို့ကနေတက်လာ ပြီး စက်ကြီးတွေနဲ့ လာလုပ်တာ၊ အဲ့လိုမျိုးတွေ လုပ်နေကြတာကတော့ အကုန်လုံးအတွက် မသင့်တော်တဲ့ အလုပ်ဖြစ်တယ်လို့ မြင်တယ်ဟုပြောသည်။

၎င်းရွေလုပ်ကွက်အား ဆက်လက် တူးဖော်နေမည်ဆိုလျှင် ဒေသအတွင်း သုံးစရာရေမရှိလောက်အောင် အခက်အခဲဖြစ်လာနိုင်ကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။

ဆိုးကျိုးကတော့ အများကြီး ဖြစ်လာမှာ လယ်ယာစိုက်ပျိုးရေးလုပ်တဲ့သူတွေလည်း ခက်ခဲလာမယ်၊ အဓိကတော့ သောက်ရေ ခက်ခဲလာမယ်၊ လယ်ယာနည်းနည်းပါးပါးရှိနေတယ် အဲ့တာတွေလည်း ရေမရဘဲဖြစ်လာမယ်၊ အကျိုးမဖြစ်လာတဲ့အပြင် ဒေသခံတွေရဲ့ ကျန်းမာရေးတွေပါ အများကြီး ထိခိုက်လာနိုင်တယ်၊ အခုတောင် ရေက ညစ်ပတ်နေပြီ နောက်ဆို ဘယ်လိုမှ သုံးရတော့မှာ မဟုတ်ဘူးဟုပြောသည်။

ယခင်က မဂျော့ဝေါ့ ချောင်းတွင် ဒေသခံတချို့သည် တစ်နိုင်တပိုင် ရွှေတူးဖော်မှု (မုံဆိုင်း) ပြုလုပ်ခဲ့ကြသော်လည်း ယခုနှစ်ဆန်းပိုင်းမှစတင်ကာ လုပ်ငန်းရှင်များသည် စက်ယန္တရားများဖြင့် သိသိသာသာ ရွှေတူးဖော်လာခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button