တိုက်ပွဲသတင်း

KIA တပ်ရင်း ၆ ဌာနချုုပ်ကို စစ်တပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထက်ပိုင်း အင်မာဘွမ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၆ ဌာနချုပ် တပ်စခန်းကို ဧပြီလ ၁၉ ရက်နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ညနေ ၅ နာရီခွဲခန့်တွင် လာရောက်ဗုံးကျဲခဲ့ခြင်းဖြစ်ပြီး အဆောက်အဦးများတစ်ချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု KIA နှင့် နီးစပ်သူ ဖားကန့်ဒေသခံတစ်ဦး KNG ကိုပြောသည်။

“လူက ထိခိုက်သွားတာမျိုးမရှိခဲ့ဘူ။ ဒါပေမယ့် စခန်းအတွင်းမှာရှိတဲ့ တဲတစ်ချို့က မနည်းငယ်ထိသွားတယ်လို့ပြောတယ်။ လေယာဉ် ၃ စီးနဲ့ လာပစ်တာ ဗုံးက ၉ လုံးကျတာ တစ်လုံးက မအောင်ဘူးလို့ပြောတယ်” ပြောသည်။

ယခုလို စစ်ကောင်စီဘက်မှ KIA တပ်မဟာ ၉ လက်အောက် တပ်ရင်း ၆ တပ်စခန်းကို မကြာခဏ လာရောက်ဗုံးကျဲတိုက်ခိုက်မှု လုပ်ဆောင်နေခြင်းသည် ဖားကန့်ဒေကို ရာနှုန်းပြည့်ထိန်းချုပ်ရန်နှင့် ကချင်- စစ်ကိုင်းအစပ်တွင် နယ်မြေစိုးမိုးထားသော KIA နှင့် PDF အဖွဲ့ ကို အင်အားလျော့နည်းသွားအောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သူက ဆက်လက်သုံးသပ်ပြောဆိုထားသည်။

“ကချင်နဲ့စစ်ကိုင်းအစပ်တွေမှာ KIA နဲ့ PDF တွေကနေ စစ်ရေးလှုပ်ရှားတာတွေရှိတယ်။ တစ်ချို့နေရာတွေမှာဆို နယ်မြေစိုးမိုးထားတယ်ဆိုတော့ စစ်ကောင်စီကနေ လေကြောင်းနဲ့ ပြန်တိုက်နေတဲ့သဘောပါ။ ပြီးရင်သူတို့ အလစ်အုပ်ချင်တဲ့ပုံစံနဲ့လုပ်နေတာ။ သူတို့လုပ်နိုင်တဲ့ နည်းလမ်းတွေသုံးပြီးလုပ်နေမှာပဲ” ဟုပြောသည်။

ယမန်နေ့ KIA တပ်ရင်း (၆) တပ်စခန်းသို့ လာရောက်ဗုံးကျဲတိုက်ခိုက်သွားသည့် တိုက်လေယာဉ်အမျိုးအစားမှာ Y – 130 ဂျက်ဖိုက်တာများဖြစ်ကြပြီး မြစ်ကြီးနားလေတပ်မှ ည ၅ နာရီဝန်းကျင်တွင် ထွက်ခွာသွားကြောင်းသိရသည်။

ပြီခဲ့သော မတ်လ ၁၀ ရက်နေ့တွင်လည်း ယခုနေရာကို စစ်တပ်က ဂျက်လေယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်မှုရှိခဲ့ပြီး ထိုတိုက်ခိုက်ခံရမှုတွင် ၄ ဦးထက်မနည်းထိခိုက်ရှိခဲ့ကာ တပ်စခန်းအတွင်းမှ အဆောက်အဦးတစ်ချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် ရက်ပိုင်း ဆယ်ဇင်းကျေးရွာအနောက်ဘက် ရှမ်းနီ အမျိုးသားများတပ်မတော် SNA တပ်စခန်းတစ်နေရာကို KIA က သွားရောက်တိုက်ခိုက် သိမ်းပိုက်လိုက်သည့်အပြင်၊ ဖားကန့်လမ်း ဆိုင်းဖရာကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်ကို KIA က တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်သည် ယခုနှစ်ဆန်းပိုင်းမှစတင်ကာ KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၂၆ နှင့် ၆ နေရာတွင် လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး KNG သတင်းဌာန၏ ဖော်ပြချက်အရ ၇ ကြိမ်ထက်မနည်းရှိလာပြီဖြစ်သည်။

Show More

Related Articles

Back to top button