သတင်း

မှော်ပုံကျေးရွာကို စစ်ကောင်စီတပ် ဝင်‌ရောက်စီးနင်း‌ပြီး လူနေအိမ်များမီးရှို့ဖျက်ဆီးနေ

ဖားကန့်မြို့ မှော်ပုံ (Maden Yang) ကျေးရွာကို ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး လူနေအိမ်များကိုလည်း မီးရှို့နေကြောင်း သိရသည်။

ဖားကန့်မြို့နှင့်  မိုင်ခန့်ဝေးသည့် မှော်ပုံကျေးရွာကို စစ်ကောင်စီတပ်သည် စစ်အင်အား ၁၀၀ နီးပါးဖြင့် ယနေ့ မနက် ၄ နာရီ အချိန်ကတည်းက ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်း နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေကြောင်းနှင့် လူနေအိမ်အချို့ကိုလည်း မီးရှို့နေကြောင်း ဖားကန့် PDF နှင့် နီးစပ်သည့်အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

ဟုတ်တယ် စစ်ကောင်စီတပ်တွေမနက် ငါးနာရီထိုးကတည်းကနေဝင်ပြီးတော့ လူနေအိမ်တွေကိုမီးရှို့နေတယ်။ မှော်ပုံ လမ်းသွယ် ၁၀ နဲ့ လမ်းသွယ် ၁၁ မှာရှိတဲ့လူနေအိမ်အချို့ကိုမီးရှို့နေတယ်တဲ့။ လောလောဆယ် ရွာထဲမှာတော့ ကာကွယ်ရေးတပ်တွေနဲ့ နှစ်ဖက်ပစ်ခတ်မှုဖြစ်နေတယ် မနက်ကတည်းကနေဟု ပြောသည်။

လက်ရှိချိန်ထိ ပစ်ခတ်မှုရှိနေဆဲဖြစ်ပြီး စစ်ကောင်စီ ဖားကန့်ဗျူဟာကုန်းမှလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် နေသောကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့် နေကြကြောင်း သိရသည်။

ဒေသခံတွေကတော့ အထဲမှာရှိနေတဲ့လူတွေက အပြင်ထွက်မရဘူးတဲ့အိမ်ထဲမှာတံခါးပိတ်ပြီးနေ နေကြတယ်။ အပြင် ရောက်နေတဲ့လူတွေလည်း ဝင်လို့မရဘူး။ ကာကွယ်ရေးတပ်တွေနဲ့ ပစ်ခတ်တာက အ့လောက်မဟုတ်ဘူး။ စစ်သားတွေဘက်ကပဲ တဖက်သက်ရမ်းပြီး ပစ်နေတယ်တဲ့ဟုအထက်တွင်ဖော်ပြခဲ့သည့် အမျိုးသားက ဆက်ပြောသည်။

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပစ်ခတ်မှုကြောင့် မီးလောင်သွားသည့် နေအိမ်အရေအတွက်နှင့် အရပ်သားပြည်သူ ထိခိုက်မှုရှိမရှိ၊ ဖမ်းဆီးခံရမှုရှိမရှိကို စုံစမ်းအတည်ပြုနေဆဲ ဖြစ်သည်။

လက်ရှိမှော်ပုံသို့ ဝင်ရောက်နေသည့် စစ်ကောင်စီတပ်မှာ ဖားကန့်၊ လုံးခင်းဘက်မှ ပူးပေါင်းထားသည့် ပူးပေါင်းစစ်ကြောင်း ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ်တွင် KIA နှင့် PDF ရှိသည်ဟု ယူဆသည့်ကျေးရွာ၊ ရပ်ကွက်များကို ယခုကဲ့သို့ ရှောင်တခင် ဝင်ရောက်စီးနင်လျက်ရှိပြီး နေအိမ်မီးရှို့ခြင်း၊ ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူသေဆုံးမှုဖြစ်စဥ်များလည်း ရှိခဲ့သည်။

Show More

Related Articles

Back to top button