တိုက်ပွဲသတင်း

ခင်ဦးတိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ဦး ကျဆုံး

ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဘက်မှ ၅ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ရေဦးမြို့နယ်ဆေးရုံတွင်တပ်စွဲထားသည့် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းနှင့် ခင်ဦးနယ်အနောက်ခြမ်းရှိ ရွာသစ်ကုန်းမှ ပျူစောထီးများ၊ မူးတိမ်ချောင်းတံတားအထိုင်ချ စစ်ကောင်စီတပ်များ ပါဝင်သော ပူးပေါင်းစစ်ကြောင်းသည် ခင်ဦးနယ် မြကန်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ချိန် ယခုလို တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သူတို့က မြကန်ရွာကို အင်အားအလုံးအရင်းနဲ့ဝင်ထိုးတာတာပေါ့ အဲ့မှာဒေသခံတွေကလည်းထွက်ပြေးတယ်။ ကာကွယ်ရေးတပ်တွေနဲ့လည်း အပြန်အလှန်ပစ်ခတ်မူဖြစ်တယ်။ ဖြစ်တဲ့အခါ ကာကွယ်ရေးတပ်ဘက်က မိုင်းဆွဲပြီးပြန်အဆုတ်မှာ ပတ်ဝှိုင်းခံလိုက်ရပြီးတော့ ပိတ်မိပြီး ကျဆုံးခဲ့ရတာပါဟုဆိုသည်။

ကျဆုံးခဲ့သော ရဲဘော်များသည် ဒို့ညီနောင်ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တရုတ်ကြီး၊ ရဲဘော်မိုးဟိန်း၊ ရဲဘော်ဖိုးကျော်၊ ရဲဘော်ကိုနောင်၊ ရဲဘော်ကျော်နိုင်တို့ဖြစ်ပြီး အသက် ၂၀ နှင့် ၄၀ ကျော်အရွယ်များ ဖြစ်ကြသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် အောင်သာကျေးရွာကို မီးတင်ရှို့ခဲ့ကာ ရွှေဘိုနယ်ဘက်သို့ ဆက်ပြီး ထွက်ခွာသွားကြောင်း သိရသည်။

အောင်သာကျေးရွာက နေအိမ်၃လုံးကိုမီးရှို့တယ် ပြီးတော့ ကြာပင်အိုင်ကျေးရွာက စာသင်ကျောင်းကိုလည်း မီးတင်ရှို့ခဲ့တယ်။ ခုတော့ ရွှေဘိုဘက်စစ်ကြောင်းထိုးနေတယ်ဟုဒေသကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီတပ်သည် စစ်ကြောင်းထွက်ခွာသွားချိန် မြင်းဒေါင်းကျေးရွာမှ ဒေသခံတစ်ဦး၊ မြကန်ကျေးရွာမှ ဒေသခံနှစ်ဦးနှင့် အင်းပတ်မှ ဒေသခံတစ်ဦးတို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။

Show More

Related Articles

Back to top button