မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

လူတိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် Earth Day တွင် KNF ထုတ်ပြန်တောင်းဆို

ပိုမိုကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကို အနာဂတ်မျိုးဆက်များအတွက် လက်ဆင့်ကမ်းရန် လူတိုင်းတွင် တာဝန်ရှိကြောင်း ဧပြီလ ၂၂ ရက်နေ့ကျရောက်သော (၅၃) ကြိမ်မြောက် Earth Day တွင် Kachin National Forum KNF မှ ထုတ်ပြန်ချက်ဖြင့် ပြောဆိုထားသည်။

“ကချင်ပြည်နယ်မက မြန်မာပြည်မက တစ်ကမ္ဘာလုံးမှာ မြေရှားတူးဖော်လာတာတွေအရမ်းများတယ်၊ လိုတာထက်ပိုပြီး ထုတ်ယူနေကြတဲ့အတွက် ရာသီဥတုတွေ အရမ်းဖောက်ပြန်လာတယ်၊ အဲ့တာကြောင့် အသိတရားရှိရှိနဲ့ အမြင်ပွင့်အောင် လုပ်သင့်တယ်၊ ကမ္ဘာမြေကြီးကို ထိန်းသိမ်းကာကွယ်ရမှာက ကျွန်တော်တို့ လူတိုင်း အယောက်စီတိုင်းမှာ တာဝန်ရှိတယ်ဆိုတဲ့ အသိရှိစေချင်တယ်၊ပြီးရင် အခုကျွန်တော်တို့ ဆီမှာ ဖြစ်ပျက်တွေ့ကြုံတွေ့နေရတဲ့ ပြသာနာတွေကိုလည်း သတိပြုစေချင်တယ်  ” ဟု KNF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

ကချင်ပြည်နယ် တရုတ် တစ်သျူးငှက်ပျောစိုက်ပျိုးမှုကြောင့် မြေယာများပျက်စီးနေခြင်း၊ မြေရှားသတ္တုတူးဖော်နေမှုကြောင့် တောတောင်များ ပျက်စီးနေခြင်း၊ ရွှေတူးဖော်မှု အလွန်အကျူး ပြုလုပ်မှုကြောင့် မိမိတို့ ဒေသတွင် သဘာဝပတ်ဝန်းကျင်များ ပျက်စီးဆုံးရှုံးနေကြောင်း KNF မှ ထောက်ပြထားသည်။

ထို့ကြောင့် KNF အနေဖြင့် သဘာ၀ပတ်၀န်းကျင်နှင့် ပတ်သက်သော သင်တန်းများ ဆက်လက် ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

“နိုင်ငံရေးကောင်းလာရင် ကျွန်တော်တို့အနေနဲ့ Earth Day နေ့မှာဘဲမဟုတ်ဘူး ဘယ်အချိန်ဖြစ်ဖြစ် ဒီပတ်၀န်းကျင်နဲ့ ပတ်သက်တဲ့ သင်တန်းတွေ၊ အမြင်ပွင့်အစီအစဉ်တွေ၊ တစ်သျူးငှက်ပျောနဲ့ ပတ်သက်တာဖြစ်ဖြစ် သူ့နေရာနဲ့သူ ဆက်လုပ်သွားဖို့ အမြဲတမ်းရှိတယ်” ဟု ပြောသည်။

Kachin National Forum (KNF) သည် ကချင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်၊ လူ့အခွင့်အရေး၊ ကျောင်းသားအဖွဲ့များနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်နေသော အဖွဲ့များဖြင့် စုဖွဲ့ထားသော အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။

Related Articles

Back to top button