သတင်း

ပူတာအိုမြို့တွင် ၃လတာအတွင်း သက်ငယ်မုဒိန်းမှု ၂ ခုဖြစ်ပွား

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ၃ လအတွင်း သက်ငယ်မုဒိမ်းမှု ဖြစ်စဉ် ၂ ခု ဖြစ်ပွားခဲ့ကြောင်း  ဒေသခံများထံမှ သိရှိရသည်။

ပထမဖြစ်စဉ်မှာ စစ်ကောင်စီတပ်မှ ခေါ်ယူထားသည့် အလုပ်သမား အောင်ဖြိုးဝေဆိုသူသည် ပူတာအိုမြို့အနီးရှိ အမည်မဖော်လိုသည့် ကျေးရွာတစ်ရွာမှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ပြီးခဲ့သည့် ဒီဇင်ဘာလ လကုန်းပိုင်းတွင် မုဒိန်းပြုကျင့်ခဲ့ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

ထို့နောက် မုဒိန်းမှုကျုးလွန်ထားသည့် အောင်ဝေဖြိုးဆိုသူသည် နောင်မွန်းဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားရာမှ စစ်ကောင်စီတပ်၏ ရဲတပ်ဖွဲ့များလိုက်လံဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

သို့သော် အဆိုပါ မုဒိန်းမှုကျူးလွန်ထားသည့် အောင်ဝေဖြိုးသည် ထောင်တွင် ၂ ပတ်သာ ကျခံခဲ့ပြီး ခံဝန်ကတိဖြင့် စစ်တပ်က ပြန်လည်လွှတ်မြောက်ခွင့်ပေးခဲ့သည်။

ထောင်မှပြန်လည်လွှတ်မြောက်လာပြီးနောက် မတ်လ ၁၈ ရက်နေ့ တွင် အဆိုပါမိန်းကလေးငယ်အား ဒုတိယအကြိမ် ထပ်မံမုဒိန်းပြုကျင့်နေစဉ် မိန်းကလေးငယ်သည် ထွက်ပြေးလွှတ်မြောက်လာကာ ရွာအနီးရှိအမှိုက်ပုံဘေးမှ နေအိမ်တစ်အိမ်ထဲသို့ ဝင်ရောက်ပုန်းခိုခဲ့ကြောင်း သိရသည်။

သို့သော် အဆိုပါ မိန်းကလေးငယ်သည် သူမဝင်ရောက်ပုန်းခိုခဲ့သည့်နေအိမ်မှ အိမ်စောင့် ဦးစံထွန် မုဒိန်းကျင့်မှု ထပ်မံ ခံလိုက်ရကြောင်း အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိချိန်တွင် မုဒိန်းမှုကျူးလွန်ထားသည့် အောင်ဝေဖြိုးနှင့် ဦးစီထွန်းတို့အား အရေးယူနိုင်ရန် စစ်ကောင်စီတပ်မှ ဖမ်းဆီးလိုက်ပြီဟု သိရသည်။

အလားတူ မတ်လ ၂ ရက်နေ့ ညနေပိုင်းတွင်လည်း ပူတာအိုမြို့ မြို့မရပ်ကွက်တွင်လည်း အသက် ၁၂ နှစ်အရွယ် မိန်းကလေးကို ဖထွေးဖြစ်ခဲ့သူမှ ခေါက်ဆွဲကျွေးမည်ဟု ပြောဆိုကာ ခေါ်ဆောင်သွားပြီး မုဒိန်းပြုကျင့်ခဲ့ကြောင်း သိရသည်။

မုဒိန်းမှုကျူးလွန်ထားသည့် ပထွေးဖြစ်သူကို အရေးယူနိုင်ရန် သက်ဆိုင်ရာမှဖမ်းဆီးထားပြီး ယခုလတွင်ပထမအကြိမ်ရုံးချိန်အဖြစ် ရုံးထုတ်စစ်ဆေးမှုစတင်မည်ဖြစ်ကြောင်း သိရသည်။

ယခုဖော်ပြပါ မုဒိန်းပြုကျင့်ခံရသည့် ဖြစ်စဉ်အားလုံး၏ အမည်နာမ၊ နေရပ်ဒေသ၊ အသေးစိတ်အချက်လက်များအား တိတိကျကျဖော်ပြရန် ခွင့်ပြုချက်မရခဲ့ပါ။

သက်ငယ်မဒိန်းမှု ဖြစ်စဉ်နှစ်ခုလုံးတွင် ပြစ်မှုကျူးလွန်သူများမှာ ဒေသခံများမဟုတ်ဘဲ ပြည်နယ်ပြင်ပမှ ရွေ့ပြောင်းအလုပ်သမားအဖြစ် ပူတာအိုသို့ ရောက်ရှိလာသူများ ဖြစ်ကြသည်ဟု သိရသည်။

ပူတာအိုဒေသတွင် သက်ငယ်မဒိန်းမှုများ ခပ်စိပ်စိပ် ဖြစ်လာရခြင်းအကြောင်းအရင်းကို ဒေသခံအမျိုးသားတစ်ဦးက KNG ကို ယခုလို သုံးသပ် ပြောဆိုသည်။

“လူပေါင်းစုံများလာတယ်၊ အောက်ပြည်ကလာတဲ့ သူတွေများတယ်၊ အရင်တုန်းက ဒါမျိုးတွေမရှိဘူးလေ၊ ဟိုတလောကတောင် ကလေးမလေးတစ်ယောက်ကို ဘာညာပြခိုင်း ပိုက်ဆံဘယ်လောက်ပေးမယ်ဆိုပြီး မြူဆွယ်တာတွေလည်းရှိခဲ့တယ်။” ဟု ပြောသည်။

ရွေ့ပြောင်းနေထိုင်သူများလာသည့် ပူတာအိုဒေသတွင် သက်ငယ်မဒိမ်းမှုများမဖြစ်ပွားအောင် မိဘများအနေဖြင့် သားသမီးများကို သင်ကြားပေးသင့်သည်ဟု ကချင် အရပ်ဖက်အဖွဲ့စည်းတစ်ခုမှ လူ့အခွင့်အရေးနှင့် ကလေးသူငယ် အခွင့်အရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီး KNG ကို ပြောသည်။

“ကျွန်မတို့ နိုင်ငံမှာ ဒီရွေ့ပြောင်းလုပ်သားတွေအနေနဲ့ လိုက်နာရမဲ့ အရာတွေနဲ့ ပက်သက်ပြီး ချမှတ်ထားတဲ့ တရားဥပဒေတွေ မရှိဘူး၊ အခုလို နိုင်ငံရေးတွေ မကောင်းတဲ့ အချိန်ဆို မုဒိမ်းမှုတွေ က ပိုပိုမြင့်လာတယ်၊ မိဘတွေအနေနဲ့ သားသမီးတွေ တစိမ်း လူတွေနဲ့ ပြောဆိုဆက်ဆံလာရမဲ့ အခါမျိုးမှာ ဒီလူတွေရဲ့ ကိုယ့်ကျင့်တရား၊ သူတို့ရဲ့ နောက်ကြောင်းတွေကို ခွဲခြမ်းစိတ်ဖြာတတ်ပြီး အမြင်ကျယ်လာအောင် သင်ပေးတာတွေ၊ အသက်မပြည့်သေးတဲ့ သားသမီးတွေကိုလည်း မလုပ်သင့်တဲ့ အရာတွေကို တားမြစ်တာတွေ၊ သတိပေး ဆုံးမတာတွေ များများလုပ်ပေးသင့်တယ်” ဟု ပြောသည်။

တစ်ဖက်တွင်လည်း သက်ငယ်မဒိန်းမှုမဖြစ်ပွားအောင် ကျေးရွာအလိုက် ပညာပေးအစီအစဉ်ပြုလုပ်ရန်လိုအပ်သလို၊ ကလေးများ အသိအမြင်ပွင့်စေရန် ပညာသင်ကြားခွင့် ရရှိရေးအတွက် အရေးကြီးကြောင်း ဒေသခံများ တောင်းဆိုနေကြသည်။

ပူတာအိုတွင် ယခင်ကလည်း အသက်မပြည့်သေးသော မိန်းကလေးများကို အဓမ္မပြုကျင့်သည့် ဖြစ်စဉ်များရှိခဲ့သော်လည်း တရားဥပဒေအရ အရေးယူမှုပိုင်းတွင် အားနည်းခဲ့သည်ဟု ထောက်ပြမှုများလည်း ရှိနေပါသည်။

Show More

Related Articles

Back to top button