သတင်း

ကန့်ဘလူတွင် ရှစ်နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ်တစ်ဦး မြွေကိုက်ခံရလို့ သေဆုံး

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ် ဝက်သအင်းကျေးရွာမှ အသက်ရှစ်နှစ်အရွယ် စစ်ဘေး‌ရှောင်ကလေးငယ်တစ်ဦး တောထဲတွင် စစ်ဘေးရှောင်နေစဥ် မြွေကိုက်ခံရပြီး သေဆုံးခဲ့ရသည်ဟု သိရသည်။

ဖြစ်စဥ်မှာ အဆိုပါကလေးငယ်သည် မိသားစုများနှင့် တောထဲတစ်နေရာတွင်စစ်‌ဘေးရှောင်နေစဥ် ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့က ထမင်းချက်ရန်ထင်းသွားရှာရင်း မြွေကိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဆေးကုသမူခံယူနေရာမှ ဧပြီလ ၁၉ရက်နေ့မှာ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

သူက စစ်ရှောင်ကလေးငယ်ပါ တောထဲမှာ ထမင်းချက်ဖို့ထင်းသွားရှာကြတာ အဲ့ကလေးလက်ကို မြွေကိုက် လိုက်တာ မိဘတွေကိုအကောင်ကိုက်တယ်လို့တော့ပြောတယ်တဲ့။ မိဘတွေကလည်း ပေါ့လျော့တာပေါ့ ထမင်း စားတဲ့အချိန်မှ ကြည့်လိုက်တော့ မြွေကိုက်ထားတာတွေ့တာ အဲ့ချိန်ကတော်တော်နောက်ကျနေပြီပေါ့ဟုကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြွေကိုက်ခံရ၍ သေဆုံးခဲ့သည့် ကလေးငယ်မှာ အသက် ၈ နှစ်အရွယ် မောင်မိုးဟိန်းဆိုသူဖြစ်ပြီး ဝက်သအင်းရွာ ဒေသခံများ ဖြစ်ကြသည်ဟု သူကဆက်ပြောသည်။

ကန့်ဘလူဒေသတွင် ယခုကာလသည် မြွေဆိုးအလွန်ပေါသည့်ရာသီဖြစ်သောကြောင့် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသည့် ဖြစ်စဥ် မကြာခဏဖြစ်ပွားလေ့ရှိသည်။

ဒီဘက်မှာ အပူပိုင်းဒေသဆိုရင်တော့ မြွေအန္တရယ်တော့ တကယ်စိုးရိမ်ရတယ်။ မြွေဆိပ်ဖြေဆေးတွေလည်း လိုအပ်နေပါသေးတယ်ဟုဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် ဖေဖော်ဝါရီလ နှင့် မတ်လ နှစ်လအတွင်း မြွေကိုက်ခံရသူ ၄ ဦးအထိ ရှိခဲ့သည်ဟု သိရပါသည်။

Show More

Related Articles

Back to top button