သတင်း

အောင်းကုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လူနေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ရှိ အောင်းကုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ နေအိမ်အချို့ကို  ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုများ လိုက်လံလုပ်ဆောင်နေသည်ဟု အင်းတော်ကာကွယ်ရေးတပ်မှ သိရသည်။

စစ်အင်အား ၇၀ နီးပါးရှိသည့်စစ်ကောင်စီစစ်ကြောင်းသည် ပြီခဲ့သော ဧပြီလ ၂၁ ရက်နေ့မှစပြီး အင်းတော်မြို့ အောင်းကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲနေထိုင်ခဲ့ပြီးနောက် ဧပြီလ ၂၄ ရက်နေ့  လူနေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီသွားကြောင်း အင်းတော် PDF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

မနေ့တုန်းကစရှို့တာ မနေ့တုန်းကတော့ ဆယ်အိမ်လောက်ကို ပါသွားတယ်လို့သိရတယ်။ ဒီနေ့ဘယ်နှစ်အိမ် ထပ်ပါမလဲမသိရဘူး စစ်သားတွေက ရွာထဲမှာရှိတုန်းတဲ့ ဒလန်တိုင်တာပေါ့ဒလန်လက်ညိုးထိုးပြီး အိမ်တွေအတိအကျကိုရှို့သွားတာဟုပြောသည်။

အဆိုပါ အောင်ကုန်းကျေးရွာသည် အင်းတော်မြို့မှ ၁၀ မိုင်ဝန်းကျင်ခန့်အကွာတွင်ရှိသော ကျေးရွာတစ်ခုဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်တပ်ဘက်မှ အကြောင်းမဲ့ဝင်ရောက်မီးရှို့နေကြောင်းလည်းသူကဆက်ပြောသည်။

အောင်ကုန်းကျေးရွာသည် လူနေအိမ်ခြေ ၄၀၀ ကျော်ရှိသည့် ကျေးရွာကြီးဖြစ်ပြီး ဧပြီလ ဒုတိယအပတ်ခန့်မှ စတင်ကာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာမှုကြောင့် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်ဟု  အင်းတော်မြို့နေ အမျိုးသမီးတစ်ဦးကပြောသည်။

ရွာသားတွေကတော့တစ်ယောက်မှကိုမရှိတော့ဘူး ပြီးခဲ့တဲ့အပတ်ကနေ ရှောင်သွားကြပြီ စစ်ကြောင်းတွေ ဒီဘက်ဝင်လာကတည်းကဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိအင်းတော်မြို့နယ်ရှိ အောင်းကုန်း၊ ကျောင်းကုန်း၊ အောင်မဂ်လာ စသည့်ကျေးရွာများတွင် တပ်စွဲဝင်ရောက်ထားပြီး နေရာအနှံ့တွင် ကင်းပုန်းဝပ်ထားသည့်အပြင် PDF ဝတ်စုံဝတ်၍ အယောင်ဆောင်များဖြင့် အများပြည်သူများကိုလည်း စစ်ဆေးမှုပြုလုပ်နေကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူလိုက်ပြီးသည့်နောက် တစ်နိုင်ငံလုံးအတိုင်းတာဖြင့် နေအိမ်မီးရှို့ခံရမှု ပိုမိုများလာပြီး၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ တစ်နိုင်ငံလုံးအတိုင်းတာနဲ့မီးရှို့ခံရသည့်နေအိမ်ပေါင်း ၆၀၄၅၉ အိမ်အထိရှိလာပြီဖြစ်ကြောင်း Data For Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

Show More

Related Articles

Back to top button