သတင်း

အင်းတော်တွင် စစ်ကောင်စီတပ် သတ်ဖြတ်ထားသည့် အရပ်သားပြည်သူ ၅ ဦး၏ ရုပ်အလောင်းတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ ၅ဦး တစ်လကျော်ခန့်အကြာမှ သတ်ဖြတ်ထားသည့် ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သော မတ်လ ၂၄ ရက်နေ့ စစ်အင်အား ၇၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မံဟဲကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့စဉ် အမျိုးသား ၅ ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ပျောက်ဆုံးနေသည့် တစ်လကျော်ခန့်အကြာ ဧပြီလ ၂၅ ရက်နေ့တွင် ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့သည်ဟု အင်းတော်ဒေသခံတစ်ဦးက KNG ကိုပြောသည်။

အလောင်းက မှော်လူးဘက်မှာတွေ့တာ အဲ့အမျိုးသားငါးယောက်က ဖမ်းဆီးသွားတာ တစ်လကျော်နေပြီ။ အဲ့တာ အလောင်းက ၂၅ ရက်နေ့မှ ပြန်တွေ့တာဗျ ရွာသားတွေသွားတွေ့တာဟုပြောသည်။

သတ်ဖြတ်ခံလိုက်ရသည့် အမျိုးသား ၅ ဦးမှာ အသက် ၂၅ နှစ်အရွယ် ကိုညီညီ၊ အသက် ၂၅ နှစ်အရွယ် ကိုလောရှုပ်၊ အသက် ၃၈ နှစ်အရွယ် ကိုအောင်မင်းသိုက်၊ အသက် ၃၈ နှစ်အရွယ် ကိုလေလင်းထွက်နှင့် အသက် ၄၈ နှစ် ဦးဖိုးရှမ်းခေါ်သူများဖြစ်ကြပြီး အဆိုပါ ရုပ်အလောင်းများကို မှော်လူးမြို့တောင်ဘက် လေးမိုင်ခန့်အကွာ တောထဲတစ်နေရာ၌ ဒေသခံများတွေ့ရှိခဲ့ကြောင်းသိရသည်။

အလောင်းတွေကတော့ဆွေးနေပြီ သူတို့ကိုယ်တိုင်မီးရှို့ထားတာဖြစ်မယ် ဦးခေါင်းခွံက ၅ ခုရှိနေတယ် ဒီရွာ ၅သားယောက်ဖြစ်တယ်လို့ ဘာကြောင့်ပြောနိုင်သလဲဆိုတော့ သူတို့က အဲ့ရွာသား၅ယောက်ကိုစစ်ကြောင်းတလျှောက်ခေါ်တာ ဒါပေမယ့် မှော်လူးကနေ နဘားလမ်းဆုံဘက်ရောက်လာတော့ အဲ့ရွာသားတွေကမပါလာတော့ဘူးအဲ့ကတည်းက သတ်လိုက်ပြီဆိုတာသိရတာဟုအထက်ပါ အင်းတော်ဒေသခံက ကဆက်ဆိုသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် အရပ်သား ၅ ဦးအား ဖမ်းဆီးခဲ့သည့်နောက် မတ်လ ၂၆ ရက်နေ့တွင် မော်လူးမြို့အနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဝါဒဖြန့် Telegram Channel များတွင် ယခု သတ်ဖြတ်ခံရသည့် ပြည်သူ ၅ ဦး၏ ဦးခေါင်းအခွံရုပ်ပုံများအား တိုက်ပွဲဖြစ်ပွားခဲ့၍ PDF ဘက်မှ ၅ ဦးကျဆုံးသွားကြောင်း ဖော်ပြထားသည်ဟုသိရသည်။

အင်းတော်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ချိန် ယခုကဲ့သို့ အရပ်သားပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်ဆီးခံရမှုမကြာခဏ ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ သတ်ဖြတ်ခံရသူ ၁၀ ဦးထက်မနည်းရှိလာပြီဖြစ်ကြောင်း ဆက်လက်သိရသည်။

ကချင်စစ်ကိုင်းအစပ် ဒေသများတွင်ရှိသော အင်းတော်၊ ထီးချိုင့်၊ ကသာ၊ ဗန်းမောက် စသည့် မြို့နယ်များနှင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာလည်း ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းအတွင်းမှ အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရပြီး လူသားဒိုင်းအသုံးပြုခံနေရမှုများ ပိုမိုများပြားသည်ကိုတွေ့ရသည်။

Show More

Related Articles

Back to top button