သတင်း

မဇွပ်ယန်နှင့်ဆန်ခါ ကျေးရွာကို စစ်ကောင်စီ ဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူ ၁၀၀ ကျော်ထပ်မံဖမ်းဆီးခံရ

ဖားကန့်မြို့နယ်တွင် မဇွပ်ယန်နှင့် ဆန်ခါ ကျေးရွာ ၂ခု ကို စစ်ကောင်စီတပ်ဖွဲ့ ယနေ့နံနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန် ဝင်ရောက်စီးနင်းမှုကြောင့် အရပ်သား ၁၀၀ နီးပါးခန့် ထပ်မံ ဖမ်းဆီးခံထားရကြောင်း ဒေသခံများပြောသည်။

စစ်အင်အား ၇၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ခြေလျှင်ဖြင့် အဆိုပါ ကျေးရွာ ၂ခုကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး အရပ်သားပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု တော်လှန်ရေးတွင်ပါဝင်နေသည့် အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

အခုတောင် အဲ့မဇွပ်ယန်ထောင်နားတစ်ဝိုက်က ရွာတွေကို ဝင်ပြီးဖမ်းနေတာ။ စကစ(စစ်ကောင်စီတပ်)တွေက အခုက အများကြီးဖမ်းခံရပြီတဲ့ စဝင်တုန်းက ၇၀ လောက်ပါသွားတာ။ အခုဖမ်းနေတုန်းပဲ ၁၀၀ နီးပါးတော့ရှိနေပြီတဲ့ လမ်းသွားလမ်းလာတွေကော တွေ့သမျှဖမ်းနေတာ အိမ်ထဲလည်းဝင်ဖမ်းနေတယ်တဲ့ဟုပြောသည်။

စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖြစ်သည်ဟုသိရပြီး လက်ရှိတွင် မဇွပ်ယန်ထောင်အနီးတွင် စစ်ကြောင်းလှည့်လည် နေသည်ဟုဆက်ဆိုသည်။

စစ်ကြောင်းက အခုမဇွပ်ယန်ထောင်နားမှာ ပတ်နေတယ်တဲ့ ဖမ်းဆီးထားတဲ့ အရပ်သားတွေနဲ့ ထောင်ကိုဝင်မလိုလိုနဲ့ ထောင်ကိုတော့မဝင်ဘူး သူတို့ဘယ်ဘက်ကိုစစ်ကြောင်းထိုးချင်တာလည်းမသိဘူး လူသားဒိုင်းထပ်လုပ်ဖို့ဖမ်းတာလို့သိရတယ်သိရသည်။

အလားတူ ပြီးခဲ့သော ၂၁ ရက်နေ့တွင်လည်း စစ်ကောင်စီ စစ်ကြောင်းတစ်ခုက မှော်ဘုံကျေးရွာကို ဝင်ရောက်စီးနင်းခဲ့၍ မှော်ဘုံရွာသား ၂၀၀ နီးပါးကိုဝင်ရောက်ဖမ်းဆီးခဲ့ပြီး ယင်းအနက် ၁၅၀ ကျောက်ကို ဧပြီလ ၂၁ ရက်နေ့ မဇွပ်ယန်အကျဉ်းထောင်သို့ပို့ဆောင်ခဲ့သည်။

ထို့နောက် ကျန်ရှိသည့် ၅၀ ဦးခန့်ကို ကံဆီးဘက် ထွက်ခွာသွားသည့် စစ်ကြောင်းတွင် လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ပြီးနောက် ၅ ရက်ခန့်အကြာ ဧပြီ ၂၅ ရက်နေ့တွင် မဇွပ်ယန်အကျဉ်းထောင်သို့ ထပ်မံပို့ဆောင်ခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခံထားရသည့် မှော်ဘုံကျေးရွာပြည်သူ ၂၀၀ နီးပါရှိသည့်အနက် ၈၀ ဝန်းကျင်ကို ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ၂ ကြိမ်ခွဲပြီး ပြန်လည်လွတ်ပေးခဲ့ကြောင်း လုံးခင်းကျေးရွာနေ အမျိုးသားတစ်ဦးက ယခုလိုပြောသည်။

ဟုတ်တယ်ဗျဖမ်းခံရတဲ့မှော်ဘုံရွာသားတွေကို မနေ့ည ၅ နာရီကနေစလွတ်ပေးနေပြီ အသက်ကြီးပိုင်းတွေအများပိုင်းလွတ်ပေးလာတယ်တာပေမယ့်လူငယ်ပိုင်းတွေကိုတော့မလွတ်ပေးဘူး။ ကျနော်အသိ ရေမဆေးတန်းမှာ အတူတူနေ နေကြတဲ့ ရေမဆေးသမား ၁၇ ယောက်လုံးပါသွားတာ တစ်ယောက်မှမလွတ်သေးဘူးဗျ။ လူငယ်လေးတွေပဲ မနေ့ညပိုင်းက ၃၀ လောက်လွတ်လာတယ် ဒီနေ့တော့ ၅၀ လောက်ထပ်လွတ်ပေးတယ်တဲ့ပြောသည်။

ဖားကန့်ဒေသတွင် ယခုရက်ပိုင်းအတွင်း အရပ်သားပြည်သူများ အကြောင်းမဲ့ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှုများကြုံတွေ့နေရသောကြောင့် ဒေသခံပြည်သူများသည် အသက်အန္တရာယ်စိုးရိမ်နေရသည့်အထိ ထိတ်လန့် စိုးရိမ်နေရသည်ဟု သူကဆက်ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သားများအား ယခုကဲ့သို့ ဖမ်းဆီးလာမှုကို ၂၀၂၃ နှစ်ဆန်းပိုင်းက ပိုမိုလုပ်ဆောင်လာနေပြီး ပြီးခဲ့သောလတွင်မှာလည်း  ရှရော်ခါး ရွာသား ၂၀၀ ကျော်နှင့် စဗစ်ခူးရွာသား ၆၀ ကျော် ဖမ်းခံရမှုရှိခဲ့သည်။

Show More

Related Articles

Back to top button