သတင်း

ကန့်ဘလူတွင် မြွေဆိပ်ဖြေဆေးအကူညီများ အရေးပေါ်လိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မြွေဆိပ်ဖြေဆေးအကူညီများ လိုအပ်နေ‌ကြောင်း ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ကန့်ဘလူဒေသတွင် ယခုရာသီကာလအတွင်း မြွေဟောက်အလွန်ပေါများပြီး စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသည့် ဖြစ်စဥ်များ မကြာခဏဖြစ်ပွားနေသောကြောင့် ဧပြီလ တစ်လအတွင်း မြွေကိုက်ခံရသူ ၄ဦးအထိရှိလာကာ မြွေဆိပ်ဖြေဆေးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသူတစ်ဦးကပြောသည်။

မြွေဆပ်ဖြေဆေးကတော့ လိုတာအမှန်ပါပဲ ကျနော်တို့လည်း ဖြည်းဖြည်းချင်းလိုက်ဖြန့်နေပေမဲ့ ငွေကြေးက မလုံလောက်တာပေါ့ ကျနော်တို့အများဆုံးလှူနိုင်ရင်တောင် နေရာတစ်ခုကို၁၀လုံးပေါ့။ တခါတလေ လူနာ တစ်ယောက်ကို အလုံး၂၀ လောက်ထိုးရတာမျိုးတောင်ရှိတာကို မြွေဆိပ်ဖြေဆေးကလည်း လက်ရှိ ပေါက်စျေးက ၁သိန်းသုံးသောင်းလောက်ရှိတယ်ဟုကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ မှတာဝန်ရှိသူ တစ်ဦးက KNG ကိုပြောသည်။

လက်ရှိမြွေကိုက်ခံရသူ ၄ ဦးတွင် ကိုးတောင်ဘို့ တိုက်နယ်မှ ကလေးငယ်နှစ်ဦး၊ မလည်တိုက်နယ်မှ အမျိုးသားတစ်ဦး၊ ထန်းကုန်တိုက်နယ်မှ အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ယင်းလေးဦးအနက် အသက်၈နှစ်အရွယ်ကလေးငယ်တစ်ဦး နှင့် အသက်၅၃နှစ်အရွယ်အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

ကလေး ၂ ယောက်ထဲက တစ်ယောက်သေတယ်။ လူကြီးတစ်ယောက်ပေါ့ ဆေးဝါးမလုံလောက်တဲ့အပြင် တစ်ခါတစ်လေ စစ်ကောင်စီစစ်ကြောင်းနဲ့ အရမ်းနီးကပ်တဲ့နေရာမှာဆိုလည်း ဆေးကုသဖို့က ခက်ခဲတာကနေ ဆုံးတာလည်းပါတယ်ဟုပြောသည်။

ကန့်ဘလူဒေသတွင် အာဏာသိမ်းပြီးနောက်ပိုင်း ယနေ့အထိ စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၆၁ ဦး ထိရှိပြီး ၅ဦးအသက်ဆုံးရှုံးခဲ့သည်။

အဆိုပါသေဆုံးခဲ့သူများတွင် အသက် ၈နှစ် အရွယ်ကလေးငယ်နှစ်ဦး အထိပါဝင်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့၏ စာရင်းပြုစုချက်အရသိရသည်။

Show More

Related Articles

Back to top button