တိုက်ပွဲသတင်း

PDF အဖွဲ့များနေထိုင်သည်ဟု နေအိမ် ၂ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များ နေထိုင်သည်ဟုစွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်မှ နေအိမ် ၂ လုံးကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများမှ သိရသည်။

ယနေ့ နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာ အမှတ် ()ရပ်ကွက်ရှိ လူနေအိမ်တစ်လုံးနှင့် မှော်လျှံရပ်ကွက်ရှိ လူနေအိမ် တစ်လုံးအား စစ်ကောင်စီတပ်မှ စစ်ကား ၅ စီးဖြင့် ဝင်ရောက်စီးနင်းခဲ့သည်ဟု  ဆိုင်းတောင်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

ဒီဆိုင်းတောင်ထဲက အိမ်နှစ်လုံးကိုသူတို့ ဝင်စီးပြီးတော့မီးရှို့တာ သူတို့နည်းနည်းသံသယရှိတဲ့ အိမ်တွေပေါ့ တံခါးတွေရိုက်ဖျက်ပြီးတော့ ဝင်တာ။ သူတို့တော်လှန်ရေးအင်အားစုတွေ ခိုအောင်းနေတယ်ဆိုပြီးမှထင်တယ် ဝင်စီးပြီးမီးရှို့သွားတာဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်မီးရှို့ ဖျက်ဆီးမှုကြောင့် လူနေအိမ် ၂လုံး မီးလောင်ပြာကျသွားပြီး အရပ်သားပြည်သူ ဖမ်းဆီးခံရမှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်‌ကြောင်းသည် ဆိုင်းတောင်ရပ်ကွက် နေအိမ်ကို မီးရှို့ဖျက်ဆီးသွားခဲ့ပြီးနောက် မှော်လျှံရပ်ကွက်မှ နေအိမ်များဝင်စီးရန်စစ်ကြောင်းထိုးဝင်ရောက်လာချိန် မှော်လျှံရပ်ကွက်အနီး KIA၊ PDF ပူးပေါင်းတပ်တို့နှင့် နှစ်ဖက်တပ် မိနစ် ၅၀ ကြာခန့်အကြာပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သူတို့ဝင်လာတဲ့ချိန် နှစ်ဖက်ပစ်ခတ်မှုတော့ ဖြစ်သွားတယ် ထိခိုက်တာတော့ မရှိဘူးဟုမှော်လျှံရပ်ကွက်နေထိုင်သူတစ်ဦးကပြောသည်။

လက်ရှိ စစ်ကောင်စီ မီးရှို့ဖျက်ဆီးပေးလိုက်သည့် နေအိမ် ၂ လုံးသည် KIA  PDF အဖွဲ့နှင့် ဆက်စပ်မှုရှိမရှိ အသေးစိတ်မသိရပါ။

ဖားကန့်မြို့နယ်တွင် ယခုလအတွင်း အရပ်သားပြည်သူများကို အကြောင်းမဲ့ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ၊ လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ အိမ်တံခါးများ ရိုက်နက်ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြပြီး ဧပြီလ ၂၁ ရက်နေ့တွင် မှော်ဘုံကျေးရွာဝင်ရောက်စီးနင်းခံရမှုကြောင့် အရပ်သား ပြည်သူများ ၂၀၀ နီးပါးဖမ်ဆီးခံခဲ့ရကာ အများစုမှာ ဖမ်းဆီးခံထားရဆဲဖြစ်သည်။

Show More

Related Articles

Back to top button