သတင်း

မဇွပ်ယန်ကျေးရွာ နေအိမ်အချို့ စစ်ကောင်စီတပ်များ ဝင်ရောက်ဖျက်စီးသွား 

ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်များက ဝင်ရောက်ဖျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၇ ရက်နေ့ စစ်ကောင်စီတပ်၏ တပ်မ ၃၃ လက်အောက် ခလရ ၇၆ မှ ဗိုလ်မှုးဇော်မောင် ဦးဆောင်သည့်တပ်ဖွဲ့သည် မဇွပ်ယန်ကျေးရွာရှိ အရပ်သား ပြည်သူများ၏ နေအိမ်အချို့အား ဝင်ရောက်ဖျက်ဆီးသွားပြီး အရပ်သားပြည်သူ၏ နေအိမ်များမှ ငွေများလည်း ယူဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

အိမ်တွေ တံခါးတွေသော့ခတ်ထားလည်း အားလုံးရိုက်ဖျက်ပြီး ဝင်စီးတာ။ ကျမတို့အသိတစ်ယောက်ရဲ့ အိမ်ဆို ငွေတွေရော ယူသွားတယ်လို့ သိရတယ်”ဟုပြောသည်။

စစ်ကောင်စီတပ်များသည် ဧပြီလ ၂၇ ရက်နေ့ မဇွပ်ယန်ကျေးရွာအား နံနက် ၉ နာရီဝန်းကျင်တစ်ကြိမ် နှင့် ညနေ ၇ နာရီဝန်းကျင်တစ်ကြိမ် ၂ ကြိမ်ဝင်ရောက်စီးနင်းမှုများလုပ်ဆောင်ခဲ့ပြီး နေအိမ် ၇ လုံးနှင့် စျေးဆိုင် ဆိုင်ခန်းတစ်ချို့ ဖျက်ဆီးသွားကြောင်း ဒေသခံများပြောသည်။

ဖားကန့်မြို့ဒေသတွင် မတ်လ လကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်များသည် မဇွပ်ယန်၊မဒဲ့ယန် ၊ဆန်ခါကျေးရွာရှိ နေအိမ်များကို KIA PDF နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲပြောဆိုကာ ဝင်ရောက်စီးနင်းမှု ဆက်တိုက်ပြုလုပ်နေဆဲဖြစ်သည်။

သူတို့က ဒီရွာမှာ PDF တွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်စီးနေတာ။ ပြီးတော့ မသင်္ကာရင်ဖမ်းတာတွေလည်း တောက်လျှောက်လုပ်တယ်ဟုဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ်အတွင်း အစုလိုက်အပြုံလိုက်ဖမ်းဆီးမှု ဆက်တိုက်လုပ်နေသည့်အပြင် စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာ‌ခြင်းသည် စစ်ကောင်စီတပ်အနေဖြင့် လက်မလွှတ်နိုင်သည့် နေရာဒေသတစ်ခုဖြစ်သောကြောင့်ဖြစ်သည်ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက ခုလိုပြောသည်။

ဖားကန့်ဆိုတာက သူတို့အတွက် အရေးပါတဲ့နေရာ လက်မလွှတ်နိုင်တဲ့နေရာဖြစ်တယ်။ အဲတော့ သူတို့‌ တွေအတွက် ရန်သူတွေဖြစ်တဲ့ PDF တွေကို ရပ်တည်လို့မရအောင် ထောက်ပံ့ပေးတဲ့သူတွေရော ရပ်တည်လို့မရအောင် စီမံချက်နဲ့လုပ်နေတယ်လို့မြင်တယ်။ ဘာမှကို ဂရုမစိုက်တော့ဘဲနဲ့ အဓိကပျက်သုဉ်းရေးကိုဘဲ တစ်စိုက်မတ်မတ်လုပ်နေတယ်လို့ဘဲ ပြောချင်ပါတယ်။ပြီးတော့ ဒီချိန်မှာ ဒလံ၊သူလျှိုတွေ ကိုယ့်အထဲမှာလည်း ရှိနိုင်တာမို့ အသိ၊သတိထားနေကြပါလို့ ပြည်သူတွေကို ပြောချင်ပါတယ်ဟုပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် သတိထားပြီး စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများအား မျက်ခြေမပြတ်စောင့်ကြည့်ကာ အထူးဂရုစိုက်နေထိုင်ကြရန်လည်း သူက ဆက်ပြောသည်။

Show More

Related Articles

Back to top button