စစ်ပြေးဒုက္ခသည်များသတင်း

ဖားကန့်တွင် စစ်တပ်က အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုကြောင့် ကျေးရွာ ၃ခုမှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရဆဲ

ဖားကန့်မြို့နယ်အတွင်းရှိသော မှော်ဘုံ၊ ဆန်ခါနှင့် မဇွပ်ယန် ကျေးရွာနေပြည်သူများသည် ယခုရက်ပိုင်း စစ်ကောင်စီတပ်၏ အစုအလိုက်အပြုံလိုက် ဖမ်းဆီးခံရပြီး လူသားဒိုင်းအဖြစ် အသုံးပြုခံရမှုများ ကြုံတွေ့နေရသည့်အတွက် ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်းနေကြရသည်ဟု ဒေသခံများထံမှသိရသည်။

ဧပြီ ၂၁ ရက်နေ့ စစ်ကောင်စီတပ် မှော်ဘုံကျေးရွာမှ အရပ်သားပြည်သူ ၂၀၀ ဝန်းကျင်၊ ဧပြီ ၂၇ ရက်နေ့ မဇွပ်ယန်နဲ့ ဆန်ခါကျေးရွာမှ ပြည်သူ ၇၀ ဝန်းကျင်အား အကြောင်းမဲ့ဝင်ရောက်ဖမ်းဆီးမှုများရှိခဲ့ပြီး‌နောက် မှော်ဘုံ၊ မဇွပ်ယန်နဲ့ ဆန်ခါကျေးရွာသားများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း မဇွယန်ကျေးရွာနဲ့နီးသည့် လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦးက KNG ကိုပြောသည်။

မှော်ဘုံရွာသားတွေကတော့ ပြီးခဲ့တဲ့ ၅ရက် ၆ရက်နေ့ကတည်းကနေ စပြီးပြောင်းနေကြပြီ။ အခုတော့ရွာထဲမှာတိတ်ဆိတ်နေပြီး လူမရှိတော့ဘူး အရမ်းခက်ခဲတဲ့လူတွေလောက်ပဲကျန်တော့တာ မဇွပ်ယန်နဲ့ ဆန်ခါရွာသားတွေကတော့တချို့က မနေ့ပိုင်းကစပြီးပြောင်းပြီ ဒီနေ့က တော့အများ ဆုံးပြောင်းကြတယ်။ တချို့ဆို မြေစာပုံပေါ် မှာမိုးကာတဲလေးတွေထိုးပြီးနေ နေကြတာဟုပြောသည်။

မှော်ဘုံကျေးရွာတွင် အိမ်ခြေ ၈၀၀ ကျော်ရှိပြီး ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာသည် တစ်ရွာလျှင် အိမ်ခြေ ၇၀၀ ခန့်စီ ရှိသည့်ကျေးရွာများဖြစ်ကြပြီး လက်ရှိချိန်တွင် ကျေးရွာနေပြည်သူအများပိုင်းရွေ့ပြောင်းနေကြပြီး အချို့မှာမြေစာပုံများပေါ်တွင် ယာယီတဲထိုးကာ ခက်ခက်ခဲခဲ တိမ်းရှောင်နေကြရသည်ဟုသိရသည်။

တစ်ရွာတစ်ရွာကို အခုက ၃ ပုံ ၁ ပုံလောက်တောင် ရွာထဲမကျန်တော့ဘူးဗျ အများစုက တော့ကိုယ့် သိစတ်နဲ့ကိုပေါ့ဒီလောက်ဖမ်းနေတော့ မနေရဲကြ ဘူးလေ ပြီးတော့မှော်ဘုံရွာသားတွေကိုတော့ စစ်သားတွေက မနေကြဖို့နေရင်သတ်ပစ်မယ်ဘာညာ ခြိမ်းခြောက်ထားတာတွေရှိတော့မှော်ဘုံရွာထဲမှာတော့ မရှိသလောက်ဖြစ်နေပြီဟုတော်လှန်ရေးတွင် ပါဝင်နေသည့်ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဧပြီ ၂၁ ရက်နေ့က ဖမ်းဆီးခံရသည့် မှော်ဘုံရွာသား ၂၀၀ နီးပါးအနက် ၈၀ ဦးခန့်ကို ဧပြီ ၂၆ရက်၊၂၇ ရက်တွင် နှစ်သုပ်ခွဲ၍ ပြန်လွတ်ပေးခဲ့ပြီး ဧပြီလ ၂၇ရက်နေ့ ထပ်မံ ဖမ်းဆီးခံရသည့် မဇွပ်ယန် နှင့် ဆန်ခါကျေးရွာသား ၇၀ ဦးကို ညပိုင်းတွင် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်နေသည့် ကျေးရွာ ၃ နေရာကို စစ်ကောင်စီတပ်က ယခုကဲ့သို့ ဖိနှိမ့်နေသည့် ကစ္စနဲ့ပတ်သက်၍ တော်လှန်ရေးတွင်ပါဝင်နေသည့် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ယခုကဲ့သို့သုံးသပ်ပြောဆိုသည်။

ဘာကြောင့်မို့ မှော်ဘုံဘက်ကိုအခုလိုလုပ်နေရသလဲ ဆိုတာက အကြောင်းပြချက်ရှိပါတယ် ဒါကတပ်မဟာ ၉ ကိုသွားတဲ့လမ်းဆုံချက်ဖြစ်နေလို့ပဲ။ ဝင်ပေါက် တံခါးပေါက်ပဲ ပြောချင်တာသူတို့က(စစ်ကောင်စီ) ကတံခါးခေါက်တာပေါ့ ဒီဘက်ကတော်လှန် ရေးအင်အား တွေအနေနဲ့လည်းလွန်ဆွဲ နေတဲ့အချိန် ဆိုတော့ကြားထဲကပြည်သူတွေလည်း တော်တော်လည်းတော့ ဒုက္ခများတာပေါ့ဟုပြောသည်။

ယခုလို အစုလိုက်အပြုံလိုက်ဖမ်းဆီးခံထာရသည့် ဒေသခံများကို မဇွပ်ထောင်ပို့ခြင်း၊ အချို့ကိုလူသားဒိုင်းအဖြစ်စစ်ကြောင်းတစ်လျှောက်အသုံးပြုခြင်းအပြင်အချို့ကို စစ်ယူနီဖောင်းများ ဝတ်ဆင်ပြေး၍ စစ်ကြောင်းတွင်လည်းအသုံးပြုမှုများကြုံတွေ့နေရသဖြင့် လက်ရှိတွင် ဒေသခံများသည် အဖမ်းခံရမည်ကိုစိုးရိမ်၍ တိမ်းရှောင်နေရကြောင်းသိရသည်။

ပြီးခဲ့သော လတွင်လည်း စဗျစ်ခူးရွာသား ၆၀ ကျော်ဖမ်းဆီးခံရမှုနှင့် ရှရော်ခရွာသား ၁၀၀ ကျော် ဖမ်ဆီးခံရမှုများရှိခဲ့သည့်အနက် လက်ရှိမှော်ဘုံကျေးရွာတွင် အရပ်သားဖမ်းဆီးခံရမှုအများဆုံးဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့သည် ဖားကန့်ဒေသတွင် အရပ်သားများ အစုလိုက်အပြုံ မကြာခဏဖမ်းဆီးခံရမှုများလုပ်ဆောင်နေပြီး ယခုနှစ် ၂၀၂၃ နှစ်ဆန်းပိုင်းက ပိုမိုလုပ်ဆောင်လာခြင်းလည်းဖြစ်သည်။

Show More

Related Articles

Back to top button