သတင်း

တာစန့်ကျေးရွာမှ ရပ်ကွက်မှူးတစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စု တာစန့်ကျေးရွာမှ ရပ်ကွက်မှူးအား အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ လာရောက်ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၈ ရက်နေ့ ၁၁ ဝန်းကျင် တာစန်းကျေးရွာမှ ရပ်ကွက်မှူးဖြစ်သည့်  ဦးဇီးလှနူးသည် နေအိမ်အတွင်း ရှိနေစဉ် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ လူ ၃ ဦးက အရပ်ဝတ်များဖြင့် အိမ်စီးကားအဖြူတစ်စီးနှင့် ရောက်လာပြီး မိသားစုများ၏ ရှေ့တွင် ပစ်သတ်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

သူ့မိန်းမ နေမကောင်းလို့ အိမ်ထဲမှာ နေနေတဲ့ချိန် ဆေးကုပေးမယ်လို့ပြောပြီး လူ ၃ ယောက်ကားနဲ့ ဝင်လာပြီးတော့ ပစ်သတ်သွားတယ်လို့ သိရတယ်ဟုပြောသည်။

ပစ်သတ်ခံရသည့် ဦးလှနူးသည် အသက် ၃၅ နှစ်ဝန်းကျင်ရှိပြီး သူ၏ နဖူးတွင်‌ သေနတ်ဒဏ်ရာတစ်ချက်၊ ဘယ်ဘက်ရင်ဘတ်တွင် သေနတ်ဒဏ်ရာတစ်ချက်ဖြင့် သေနတ် ဒဏ်ရာ ၂ ချက်ဖြင့် ပစ်သတ်ခံရသည်ဟု သိရသည်။

အဆိုပါ လာရောက်ပစ်သတ်သွားသည့် လက်နက်ကိုင်အဖွဲ့သည် ပစ်သတ်ခံရသည့် ဦးဇီးလနူး၏ ကိုယ်ပေါ်မှ လက်စွပ်တစ်ကွင်းကိုလည်း ချွတ်ယူသွားသည့်အပြင် ငွေကျပ် ၃ သိန်းဝန်းကျင်နှင့်အတူ မြေငှားရမ်းစာချုပ်များကိုလည်း လုယူသွားကြောင်း သတင်းအရင်းအမြစ်က ဆက်ဆိုသည်။

တာစန့်ရပ်ကွက်မှူး ဦးဇီးလနူးအား လာရောက်ပစ်သတ်သွားသည့် လက်နက်ကိုင်အဖွဲ့အစည်းသည် ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်သားများသာ ဖြစ်နိုင်ကြောင်း ပြောဆိုနေသော်လည်း KNG သတင်ဌာနမှ အတည်ပြုနိုင်ခြင်းမရှိပါ။

ခါတိုင်းဆို အဲလိုလူသတ်ခံရတာတွေမျိုးကြားတာနဲ့ ဝိုင်းမော်ဘက်က ရဲတွေချက်ချင်းဆင်းလာတာ။ ခု ဆင်းလာတာလည်း မရှိဘူး လူသေအလောင်းကို ဘယ်က နာရေးကူညီမှူကားလဲ မသိဘူး လာတင်သွားတယ်လို့ ပြောကြတယ်ဟုဒေသခံနဲ့ နီးစပ်သူတစ်ဦးကပြောသည်။

တာစန်းကျေးရွာသည် စန်းကားကျေးရွာမှ မိုင် ၂၀ ခန့်ကွာဝေးတွင် တည်ရှိသည့်ကျေးရွာဖြစ်ပြီး ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်စားသောက်ကြသည့် ကျေးရွာလည်းဖြစ်သည်။

Show More

Related Articles

Back to top button