သတင်း

ဖားကန့်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံထားရ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၃ နာရီဝန်းကျင်ခန့်တွင် ဖားကန့်မြို့ ကျောက်စိမ်းတောင် တံတားထိပ်တွင် အမျိုးသားတစ်ဦး တစ်ကိုယ်လုံး ရိုက်ထားသည့် ဒဏ်ရာများအပြင် သေနတ်ဒဏ်ရာ ၄ ချက်ဖြင့် ပစ်သတ်ခံထားရကြောင်း ရုပ်အလောင်းကို မျက်မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ကျနော်တို့နဲ့နီးတယ် ဖြစ်သွားတဲ့နေရာက သေနတ်သံ လေး၊ ငါးချက်ကြားလိုက်တယ်။ မနက် ၃ နာရီ ထိုးလောက်မှာ မနက်တော့ အဲ့တံတားထိပ်မှာ အလောင်းတွေ့တော့တာပဲ။ အလောင်းက ဖိနပ်တောင်မပါဘူးဗျ ပြီးတော့ သူခန္ဒာကိုယ်မှာလည်း ရိုက်နက်ထား၊ နှိမ့်စက်ထားတဲ့အမာရွက်ဟောင်းတွေ၊ ကြိုးတုပ်ထားတဲ့ ဒဏ်ရာဟောင်းတွေတွေ့တယ်ဟု ပြောသည်။

ပစ်သတ်ခံရသည့် အမျိုးသားသည် မှော်ဝမ်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ ဝန်းကျင် ကိုအောင်ကျော်ဦး ဆိုသူဖြစ်‌ပြီး ရင်ဘတ်ကျည်ဝင် ဒဏ်ရာတစ်ချက်၊ ဘယ်ဘက်ပခုံးတွင်တစ်ချက်၊ နားထင်တွင်တစ်ချက်နှင့် ညာဘက် လက်မောင်းတွင် တစ်ချက် ဒဏ်ရာများဖြင့် ပစ်သတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါအမျိုးသားသည် စစ်တပ်အာဏာသိမ်းစဉ် သပိတ်စစ်ကြောင်းများတွင်လည်း ပူးပေါင်းပါဝင်ခဲ့ဖူးသူ ဖြစ်ပြီး ပျောက်ဆုံးနေသည်မှာ တစ်လနီးပါးခန့်တွင် ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့သည်ဟု ဒေသခံများပြောသည်။

ထို့အပြင် ပစ်သတ်ခံထားရချိန် ရိုက်နက်ထားသည့် ဒဏ်ရာများအပြင် လက်တွင်ကြိုးတုပ်ထားသည့် ဒဏ်ရာဟောင်းများရှိနေသည့်အတွက် စစ်ကောင်စီတပ်က ယခင်ကတည်းက ဖမ်းဆီးထားသည့် အမျိုးသားဖြစ်နိုင်ကြောင်း ဒေသခံများပြောဆိုမှုများ ရှိနေသော်လည်း KNG က အတည်ပြုနိုင်ခြင်း မရှိသေးပေ။

သူကအရင်က သပိတ်စစ်ကြောင်းတွေမှာပါဝင်လှုပ်ရှားဖူးတယ်။ ပျောက်နေတာတစ်လ‌ ကျော်လောက်ရှိပြီ။ အဲဒါ ခုသတ်ခံရပြီး အလောင်းထုတ်ပြလာမှပဲ သိလိုက်ရတယ်ဟုဖားကန့် PDF နှင့် နီစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ဖားကန့်တွင် ဧပြီလ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် ၎င်းတို့ဖမ်းဆီးသွားသည့် လူငယ်နှစ်ဦးကို ပစ်သတ်၍ Happy KTV ရှေ့တွင်အလောင်း လာပစ်ချသွားသည့် ဖြစ်စဉ် ရှိခဲ့ဖူးသည်။

Show More

Related Articles

Back to top button