စစ်ပြေးဒုက္ခသည်များသတင်း

ရွှေကူစစ်ရှောင်များ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး အဖြစ်များနေ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြရသည့် ကျေးရွာပေါင်း ၁၀ ရွာမှ စစ်ရှောင်ပြည်သူများ ငှက်ဖျားနှင့်သွေးလွန်တုပ်ကွေး အဖြစ်များနေကြောင့် ဆေးဝါးကုသပေးမှု အကူအညီများလိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။

ရွှေကူအရှေ့ဘက်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့မှုများရှိခဲ့သဖြင့် ရွာပေါင်း ၁၀ ရွာမှ လူနေအိမ်အများအပြား မီးလောင်ပြာကျသွားပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် ဒေသခံပြည်သူများ ၁၀၀၀၀ နီးပါးရှိခဲ့သည့် အနက် ၇၀၀၀ နီးပါးသည် လက်ရှိတောတွင်းနေရာများတွင် စစ်ရှောင်နေသည်မှာ ၁လ ကျော်ရှိပြီဖြစ်သည်။

ထိုစစ်ရှောင်များအနက် ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အများစုမှာ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးဖြစ်ပွားနေသောကြောင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စီသောင်ကျေးရွာမှစစ်ရှောင်အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

လိုတာကတော့ အများကြီးလိုတယ် အဓိကိုခြုံ ပြီးပြောရမယ်ဆိုရင်တော့အခု ကလေးတွေနဲ့ သက်ကြီးပိုင်းတွေက ငှက်ဖျားနဲ့ တုပ်ကွေးတွေအရမ်းဖြစ်နေကြတယ်။ ဘာဆေးမှမရှိဘူးဖြစ် နေတယ်တောတောင်ထဲမှာဆိုတော့။ စဖြစ်တာက အခုမိုးကျလာတဲ့နောက်ပိုင်းပဲ ၃ ပတ်နီးနီးရှိလာပြီဟု စီသောင်ရွာစစ်ရှောင်အမျိုးသားတစ်ဦးကပြောသည်။

လက်ရှိ တောတောင်နှင့်ယာခင်းတဲများတွင် စစ်ရှောင်နေရသည့် ကျေးရွာ ၁၀ ရွာအနက် စီသောင်ရွာမှ စစ်ရှောင်ပြည်သူ ၂၀၀၀ ကျော် အများဆုံးဖြစ်ပြီး စီသောင်စစ်ရှောင်ပြည်သူ ကလေးသူငယ်များနှင့်သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်များတွင် သွေးလွန်တုပ်ကွေး၊ ငှက်ဖျားအဖြစ်များနေသောကြောင့် ဆေးဝါးများလိုအပ်နေခြင်းဖြစ်သည်ဟုသူကဆက်ပြောသည်။

ကျနော်တို့ရွာကတော့စစ်ရှောင်အများဆုံးပဲ အခုကျန်တဲ့ရွာတွေလည်းသူ့နေရာကိုယ့်နေရာရှောင်နေကြတယ် ကျနော်တို့ဆီမှာကလေးက ၅၀၀ လောက်ရှိတယ် အခု ငှက်ဖျားနဲ့သွေးလွန်တုပ်ကွေးဖြစ်နေတာ ၈၀ နီးပါးရှိတယ်တခြားနေရာတွေမှာလည်း အဲ့လိုပဲဖြစ်နေတယ်တဲ့ဟု၎င်းကပြောသည်။

ယင်းစစ်ရှောင်ပြည်သူများအတွက် ဆေးဝါးများအကူအညီလိုအပ်နေသည့်အပြင် စစ်ရှောင်ကာလ တစ်လကျော်ကြာလာပြီဖြစ်သောကြောင့် အစားအသောက်ခက်ခဲနေပြီ နေရာထိုင်ခင်းအတွက် မိုးကာများလည်းလိုအပ်နေကြောင်း ယင်းစစ်ရှောင်များနဲ့ရင်းနှီးသည့် ရွှေကူမြို့နေ အမျိုးသမီးတစ်ဦးကပြောသည်။

စစ်သားတွေက အိမ်တွေကိုပဲမဟုတ်ဘူး စပါးကြိတ်စက်တွေပါအကုန်ရှို့သွားတာ စစ်ရှောင်တွေကတော့ ဆန်တွေကော စပါးတွေကော သယ်ကြပေမယ့် အခုဆန်တွေကစားကုန်ပြီ စပါးပဲကျန် တော့တာ ဒါပေမယ့် စပါးရှိလည်းကြိတ်စက်တွေ အကုန်မီးရှို့သွားတော့ ဘယ်မှကြိတ်စရာမရှိဘူးလေ အဲ့ကြောင့် ဆန်တွေ လည်းအရမ်းလိုအပ်နေကြတယ်ဟု အထက်ပါအမျိုးသမီးကပြောသည်။

ယခုလို ကျေးရွာများ မီးရှို့ဖျက်ဆီးခံရမှုကြောင့် လူနေအိမ်များနဲ့ လယ်ထွန်းစက်များ၊ စပါးသိုက်များသာမက စပါးကြိတ်စက်များ မီးလောင်ပျက်စီးသွားသည့်အတွက် ယခုကဲ့သို့စားသောက်ရေးခက်ခဲ နေခြင်းဖြစ်ကြောင်းစစ်ရှောင်များကဆိုသည်။

စုစုပေါင်း စစ်ရှောင်ပြည်သူ ၉၀၀၀ ကျော်အနက် ၂၀၀၀ နီးပါးသည် လက်ရှိရွှေကူမြို့ပေါ်၌ အိမ်ခန်းငှားနေခြင်း၊ ဆွေမျိုးနေအိမ်များတွင် တိမ်းရှောင်နေကြရပြီး တောထဲတွင် စစ်ရှောင် ၇၀၀၀ နီးပါးခန့် တိမ်းရှောင်နေရသည့်အနက် တစ်ချို့မှာ မိုးကာများလိုအပ်နေကြောင်းသိရသည်။

အများပိုင်းကတော့ တောထဲမှာအခု တချို့ကတော့ လယ်ခင်းတဲလေးတွေမှာ ရှောင်နေကြရတော့  အခင်းတဲမရှိတဲ့သူတွေက နေစရာမရှိဘူး မိုးကာအလုံးအလောက်မရှိတော့ဖြစ်သလို တဲထိုးပြီးနေရတယ်။ မိုးကာလည်းလုံးဝလိုအပ်နေတဲ့ထဲပါတယ် အခုက မိုးကျလာအဲ့ကြောင့် မိုးကာလည်းလိုအပ်တာပေါ့ဟု စစ်ရှောင်ပြည်သူ အမျိုးသားတစ် ကပြောသည်။

မတ်လ ၂၁ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့သည် ရှေ့ကူ အရှေ့ခြမ်းရှိကျေးရွာများကို အင်းအား အလုံးအရင်းဖြင့် ဝင်စီးပြီး ကျေးရွာများကို မီးရှိ့ခဲ့ရာ စီသောင်ရွာမှ ၂၁၃အိမ်၊ စီမူကြီးရွာမှ ၄၅၊ စီမူလေးကျေးရွာမှ ၇၅၊ မံနားကျေးရွာမှ ၄၁ အိမ်၊ တုံကောက်ရွာမှ ၄၁အိမ်၊ မံခါးရွာမှ ၃၅အိမ်၊ မံဝိန်းကျေးရွာမှ ၁၃၀အိမ်၊ စီမော်ရွာမှ ၁၀၅၊ နန့်လတ်ရွာမှ ၃၅၊နောင်လတ်ကြီးရွာမှ ၃၂၊ စီသာကျေးရွာမှ ၁၁၀ အိမ်တိတိ မီးရှို့ခဲ့ပြီး လက်ရှိယင်းကျေးရွာများမှ ပြည်သူ ၉၆၀၀ ဦးစစ်ရှောင်နေရကြောင်းသိရသည်။

အဆိုပါစစ်ရှောင်ပြည်သူများသည် စစ်ကောင်စီ စစ်ကြောင်း ယင်းကျေးရွာများဘက်တွင် နောက်ထပ်တစ်ကြိမ် စစ်ကြောင်းထိုးဝင်ရောက်လာမည်ဟု သတင်းစကားများကြောင့် နေအိမ်များကိုမီးထပ်ရှို့မည်ကိုစိုးရိမ်နေရပြီး နေရပ်မပြန်နိုင်ဘဲ ခက်ခက်ခဲ ခဲစစ်ရှောင်နေကြရခြင်းဖြစ်သည်။

ရွှေကူစစ်ရှောင်ပြည်သူများကို ကူညီလှူဒါန်းလိုပါက ရွှေကူပြည်သူကာကွယ်ရေးတပ်ဖွဲ့၏ people defense force – shwegu Facebook Page Messenger သို့တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်သကဲ့သို့ စစ်ရှောင်ပြည်သူများနှင့် ရင်းနီးသည့် နီးစပ်ရာ ရွှေကူဒေသခံများထံ စုံစမ်း၍လည်း လျှူဒါန်းနိုင်ကြောင်းသိရသည်။

ပြီးခဲ့သော မတ်လပိုင်းတွင် ရွှေကူအရှေ့ခြမ်းကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်အင်အား ၄၀၀ ခန့်ပါရှိသည့် စစ်ကြောင်းနှင့် လက်ရှိ ရွှေကူမြို့အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ရှိ မိုးစစ်၊ ရေလဲ၊ ဆင်တပ်ကျေးရွာများတွင်ဝင်ရောက်တပ်စွဲနေပြီး ဒေသခံများကိုလည်း ထွက်မပြေးကြရန်ခြိမ်းခြောက်၍တားမြစ်ထားကြောင်းသိရသည်။

Show More

Related Articles

Back to top button