လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ကားမိုင်း ဒေသခံ ၃၀ ကျော် ပြန်လွတ်လာ
ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော လဝါး နှင့် ဒွမ်ဘုန်းကျေးရွာမှ ဒေသခံ ၃၀ ကျော် ပြန်လည်လွတ်မြောက်လာပြီဟု သိရသည်။
မေလ ၂ ရက်နေ့ မိုးကောင်း–ဖားကန့် လမ်းအတိုင်း တက်လာသည့် စစ်အင်အား ၁၀၀ ကျော်ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းသည် ဒွမ်ဘုံန်ကျေးရွာ မရောက်မှီတွင် မိုင်းဆွဲတိုက်ခံရသောကြောင့် အနီးနားရှိ ဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း လဝါးဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။
“သူတို့ မိုင်းဆွဲခံရတော့ ရှေ့ဆက်သွားဖို့ကြောက်လို့နေမှာ။ ကားလမ်းဘေးမှာ လယ်လုပ်နေကြတဲ့ ဒွမ်ဘုန်း၊ လဝါးရွာသားတွေကို တွေ့သမျှ ဖမ်းခေါ်သွားတာ လူသားဒိုင်းလုပ်ဖို့ ခေါ်သွားပြီး သူတို့ ကားမိုင်းဗျူဟာကုန်းရောက်တော့ အားလုံးပြန်လွတ်လာတယ်”ဟု ပြောသည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား၊ အမျိုးသမီးများပါဝင်ပြီး ည ၈နာရီခန့်အချိန်မှ နေအိမ်ပြန်ရောက်ကြကြောင်းသူက ဆက်ပြောသည်။
“ဒေသခံတွေကို ရိုက်တာနက်တာတော့မရှိဘူးတဲ့။ ဒီတိုင်းပဲခေါ်သွားတာ။ ပြန်ရောက်တာတော့ညမှပဲပြန်ရောက်တာ တချို့လည်းအရမ်းကြောက်ကြတာပေါ့ဖမ်းခံရတော့”ဟုဒွမ်ဘုံးဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
ယင်းစစ်ကြောင်းသည် ကားမိုင်းဗျူဟာကုန်းသို့ အင်အားဖြည့်လာသည့် စစ်ကြောင်းဟု သိရပြီး ည ၃ နာရီခန့်အချိန်တွင် ဒွန်ဘုံရွာအနီး၌ KIA၊ PDF တို့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သားငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် အရပ်သားများကို လူသားဒိုင်းပြုလုပ်ခဲ့ခြင်းဟု သိရသည်။
ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က ယခုနောက်ပိုင်း အရပ်သားများကို ဖမ်းဆီးလူသားဒိုင်းပြုလုပ်၍ စစ်ရေးလှုပ်ရှားမှု ပိုမိုပြုလုပ်လာနေပြီး အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုပါ ပိုမိုပြုလုပ်လာနေရာ ဧပြီလကလည်း မှော်ဘုံရွာသား ၂၀၀ နီးပါး ဖမ်းဆီးမှုနှင့် ဆန်ခါ ၊ မဇွပ်ယန် ရွာသား ၇၀ နီးပါးတို့ကို ဖမ်းဆီးခဲ့ပြီးအချို့ကို လူသားဒိုင်းအဖြစ် စစ်ကြောင်းတွင် အသုံးပြုခဲ့သည်။